Wednesday, July 16, 2014

မန္တလေးတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ကျောက်ဆစ်ဈေးကွက်တွင် ပြည်တွင်းပြည်ပ ၀ယ်လိုအားကျဆင်း

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေ များကြောင့် ကျောက် ဆစ်ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ၀ယ်လိုအားများ ကျဆင်းလျက်ရှိကြောင်း ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ကျောက်ဆစ်လုပ်ငန်းများ၏ ပြည်တွင်းaဈးကွက်တွင် ပုံမှန်အားဖြင့် ၀ါတွင်းကာလ၌ အရောင်းအ၀ယ်အေးတတ်လေ့ ရှိသော်လည်း ပြည်ပ အရောင်းအ၀ယ် ဈေးကွက်မှာ ယခုကဲ့သို့ ၀ါတွင်းကာလမှ စတင်၍ ကောင်းမွန်လေ့ရှိရာတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ
အခြေအနေများကြောင့် ယခင်နှစ်များကထက် အရောင်းအ၀ယ် ပိုမိုကျဆင်းလျက်ရှိကြောင်း သိရသည်။

“ကျောက်ဆစ်လုပ်ငန်း ပြည်တွင်းဈေးကွက်က အခုလို ၀ါဆို၊ ၀ါခေါင်လဆိုရင် အေးတာ ရှေးကတည်းက ပုံမှန်လိုဖြစ်နေပေမယ့် မန္တလေးမှာ အခုဖြစ်နေတဲ့ အခြေအနေကြောင့် ဒီနှစ်ပိုဆိုးတယ်။ နယ်ကနေ လာဝယ်မယ့်သူကလည်း ဒီမှာက မငြိမ်မသက်ဖြစ်နေတော့ မလာရဲကြတာမျိုးတွေ ရှိတယ်။ ပုံမှန်ဆိုရင် သီတင်းကျွတ် သီးနှံပေါ်ချိန် နယ်ဒေသတွေမှာ လှူရေးတန်းရေးနဲ့ ဘာသာရေးပွဲတွေရှိတာကြောင့် အရောင်းအ၀ယ်ကောင်း တယ်။ ဒီနှစ်တော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး” ဟု မန္တလေးမြို့ မဟာမုနိဘုရားကြီး အနောက်ဘက်မုတ် ကျွန်းလုံးဥသျှောင် ရပ်ရှိ ကျောက်ဆစ်တန်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ပြည်ပဈေးကွက်က အခုလို ၀ါဆိုလလောက်ကစပြီး အရောင်းအ၀ယ်ကောင်းတာ။ မနှစ်က ဒီလိုအချိန်ဆို သိပ်ကောင်းတယ်။ အဓိက တင်ပို့ရောင်းချတာက ယိုးဒယား၊ မလေးရှား၊ သီရိလင်္ကာ၊ သြစတြေးလျနိုင်ငံတွေပဲ။ ယိုးဒယားနဲ့ မလေးရှားဆိုရင် သူတို့ဆီမှာဖြစ်နေတဲ့ အခြေအနေရော၊ အခုမန္တလေးမှာဖြစ်နေတဲ့ အခြေအနေတွေအားလုံး ဆုံသွားပြီး လုံးဝကိုမလာတော့ ပြည်ပဈေးကွက်က လုံးဝအေးနေတယ်” ဟု ပြည်ပနိုင်ငံများသို့ အဓိကတင်ပို့ ရောင်းချနေသည့် ကျောက်ဆစ် လုပ်ငန်းပိုင်ရှင် ဦးအောင်မင်းက ပြောကြားသည်။

ကျောက်ဆစ်လုပ်ငန်းများ၏ အဓိကကုန်ကြမ်း စကျင်ကျောက်များကို မတ္တရာမြို့နယ်အတွင်းရှိ စကျင်တောင်များ ရယူကာ ဆင်းတုတော်အမျိုးမျိုး၊ လူ့အသုံးအဆောင် ကျောက်ဆစ်အချော ထည်ပစ္စည်းများ ထုလုပ်ရောင်းချလေ့ရှိကြောင်း၊ ကျောက်ဆစ်လုပ်ငန်းများသည် မတ္တရာမြို့နယ် စကျင်ဒေသနှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ် ကျောက်ဆစ်တန်းတွင် အများဆုံးတည်ရှိပြီး ထိုဒေသများမှတစ်ဆင့် မြန်မာနိုင်ငံဒေသ အနှံ့အပြားသို့ ရောင်းချကာ မြန်မာနိုင်ငံအပြင် ဗုဒ္ဓဘာသာကိုးကွယ်သော ပြည်ပနိုင်ငံများမှလည်း ၀ယ်ယူကိုးကွယ်မှုများ ရှိသဖြင့် ယိုးဒယား၊ မလေးရှား၊ သီရိလင်္ကာ၊ သြစတြေးလျ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့ရောင်းချပေးရလေ့ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment