Tuesday, July 1, 2014

ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ် ပြဿနာ အဖြေရှာပါ

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက ကေတီဗီတွေ၊ မာဆတ်တွေကိစ္စ မေးခွန်းမေးပါတယ်။ အားလုံးသိတဲ့ လျှို့ဝှက်ချက်လို့ ခေါ်နိုင်တဲ့ မေးခွန်းအမျိုးအစားပါ။ သက်ဆိုင်ရာက အဲဒီကေတီဗီ၊ မာဆတ်တွေကို အရေးမယူဘူးလား၊ ရဲတွေ၊ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြတာကြောင့် အဲဒီလိုင်းကြေးယူ၊ အဂတိလိုက်စားတဲ့ ရဲနဲ့ တာဝန်ရှိသူတွေကိုရော ဘယ်လိုလုပ်နေသလဲဆိုတဲ့ မေးခွန်းမျိုးပါ။ ပြန်ဖြေတဲ့ ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကတော့ ထုံးစံအတိုင်းစာအုပ်ထဲက မရိုးနိုင်တဲ့ကိန်းဂဏန်းတွေ၊ ရဲတပ်ဖွဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ရွတ်ဆိုပြီး ဖြေသွားခဲ့ပါတယ်။ဒီဖြေကြားချက်ကို ဘ၀င်မကျနိုင်တာကြောင့် ဦးသိန်းထွန်းဦးက ထပ်ဆင့်မေးခွန်းထုတ်ပါတယ်။ အဲဒီ ကေတီဗီ၊ မာဆတ်တွေ ဖွင့်တာကို သာမန်ပြည်သူတွေက သိရင် တိုင်ကြားဖို့ မဆိုထားနဲ့၊ သူတို့လို့ အမတ်တွေက ပြောတာတောင် မရတဲ့အကြောင်း၊ အဲဒီရဲနဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့သဘောက မဖမ်းချင်ပါဘူး၊ တိုင်တဲ့သူရှိလို့ ဖမ်းရတာဆိုပြီး ပြောတာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကတော့ စည်းကမ်းချိုးဖောက်တဲ့ ရဲအရာရှိနဲ့ အခြားတပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ ရှိခဲ့ပါတယ်ဆိုပြီး နှစ်အလိုက် ကိန်းဂဏန်းနဲ့ ပြောဆိုဖြေကြားတာလောက်ပဲ လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ် ဘယ်လိုတွေ ရပ်တည်နေကြသလဲ၊ ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဒီက နေ့ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ်တွေရှိခဲ့တာ ခုမှမဟုတ်ပါဘူး။ ကြာကြာလှပြီလို့ ပြောရင်တောင် ရပါတယ်။ ဖွင့်ပုံဖွင့်နည်း ခွင့်ပြုပုံခွင့်ပြုနည်းပဲ ကွာခြားခဲ့တာပါ။ ရှိတာတော့ ရှိခဲ့တာချည်းပါပဲ။ ပထမတစ်ချက် ဆွေးနွေးဖို့လိုတာက ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ်တွေကို ဖွင့်ခွင့်ပေးမလား၊ မပေးဘူးလား ဆိုတာပါ။ ဒါနဲ့ပတ်သက်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုဒေါင့်က ကြည့်သူတွေကတော့ ခွင့်မပြုပေးသင့်ဘူးလို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်တကယ် လက်ရှိတိုင်းပြည်က ကျင့်သုံးနေတဲ့ တံခါးဖွင့် ဈေးကွက် စီးပွားရေးပုံစံအရ ဖြစ်စေ၊ နိုင်ငံထဲကို နိုင်ငံတကာ ခရီးသွားတွေ နှစ်စဉ် သန်းနဲ့ချီ လာရောက်လည်ပတ်တဲ့ အခြေအနေအရ ကြည့်ရင်ပဲဖြစ်စေ ခွင့်ပြုပေးထားရမယ်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ ပြဿနာက ဘယ်လိုဖွင့်ခွင့်ပေးမလဲ ဆိုတာပါပဲ။
ဒါနဲ့ပတ်သက်လို့ နောက်တစ်ချက် ထပ်စဉ်းစားဖို့လိုတာက ဒီလုပ်ငန်းတွေကို သူ့ဘာသာသူ မှောင်ခိုသဘော၊ လျှို့ဝှက်သဘော၊ ရဲတွေအာဏာပိုင်တွေကို လိုင်းကြေးပေးပြီးခိုးကြောင်ခိုးဝှက်ဖွင့်ခွင့်ပေးမလား ဖမ်းတဲ့အခါ ဖမ်း၊ပိတ်တဲ့အခါ ပိတ် မတည်မငြိမ် အခြေအနေမျိုး ထားမလား၊ ဥပဒေစည်းမျဉ်းစည်းကမ်း အောက်ရောက်လာအောင် ထားမလား စဉ်းစားဖို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ပိုရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နမူနာကို လေ့လာလိုက်ရင် ဥပဒေ စည်းမျဉ်းစည်းကမ်း အောက်ရောက်လာအောင် လုပ်တာ အကောင်းဆုံးဆိုတဲ့ အဖြေတွေ့ကြရပါလိမ့်မယ်။ ဒါဟာ အဲဒီလုပ်ငန်းတွေကနေ တိုင်းပြည်နဲ့ပြည်သူတွေအတွက်အခွန်ဝင်ငွေ အများကြီးရလာနိုင်သလို ဥပဒေအောက်မှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်နိုင်တဲ့အတွက် ရာဇ၀တ်မှုတွေ အပါအ၀င် မလိုလားအပ်တဲ့ ဘေးထွက် ပြဿနာတွေကိုလည်း ကြိုတင်ကာကွယ် တားဆီးနိုင်၊ ဖြစ်လာရင်လည်း အချိန်မီ ထိန်းသိမ်းနိုင်မှာပါ။အဲဒီအတွက် ဆက်ပြီး စဉ်းစားဖို့လိုတာက ဘယ်သူတွေကို လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်နေရာမှာ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန် အတိုင်းအတာအတွင်း လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေနဲ့ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်သူတွေကို သွားခွင့်ပေးမလဲ စသဖြင့် သတ်မှတ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရေးက လက်ရှိ မြန်မာနိုင်ငံထဲမှာ ပြဿနာရှိနေပါတယ်။ အရင်စစ်ထောက်လှမ်းရေးတွေ တန်ခိုးထွားနေစဉ်တုန်းက ဒီစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ထောက်လှမ်းရေးနဲ့ နီးစပ်သူတွေ ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးတွေ မရှိတော့တဲ့ ဒီကနေ့အချိန်မှာလည်း အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာ အာဏာပိုင်အသိုင်းအ၀ိုင်းနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်တဲ့၊ ဒါမှမဟုတ်လိုင်း ကြေးလို့ခေါ်တဲ့ လာဘ်ငွေကောင်းကောင်းပေးထားနိုင်တဲ့ လုပ်ငန်းရှင်တွေပဲ များပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းတွေ တရားဝင်သလိုလို မ၀င်သလိုလို ဖြစ်နေတာကြောင့်လို့ သုံးသပ်ရပါတယ်။ တရားဝင်လုပ်ကိုင်တဲ့ လုပ်ငန်းတွေ အဖြစ်သာ စည်းကမ်းတကျ သတ်မှတ်ပေးလိုက်ရင် အခွန်အခ တရားဝင် ပေးဆောင်သူတွေ၊ စည်းမျဉ်းစည်းကမ်း လိုက်နာသူတွေဟာ လုပ်ငန်းရှင်တွေ ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ချက်က ဒီလုပ်ငန်းတွေရဲ့ အမျိုးအစားအလိုက် သတ်မှတ်နေရာတွေမှာ လုပ်ကိုင်ခွင့်ပြုစေတာမျိုးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာဆို နိုက်ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေး ရှိုးပြပွဲခန်းမတွေကို စုစည်းပြီး “ပက်ပုန်း” ဆိုတဲ့ရပ်ကွက် တစ်ခု သတ်မှတ်နေရာပေးထားပါတယ်။ ရပ်ကွက်ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို အကူအညီပေးမယ့် ရဲကင်းတွေ ချထားပေးပါတယ်။အလားတူ ပတ္တရားကမ်းခြေမှာလည်း သီးသန့်ရပ်ကွက်တစ်ခု သတ်မှတ်ပေးထားပြီး ရဲတွေ လုံခြုံရေးတွေကလည်း စည်းအပြင်ကနေ စောင့်ရှောက်ပေးပါတယ်။ ပြဿနာရှိရင် ချက်ချင်းရှင်းပေးပါတယ်။ ဒုစရိုက်မှုတွေ မဖြစ်ပွားရအောင်ပါ။
ဒီလိုနည်းနဲ့ တခြားစည်းမျဉ်း စည်းကမ်းတွေကိုလည်း လိုအပ်သလို သတ်မှတ်ပေးလို့ ရပါတယ်။ တချို့နေရာ၊ တချို့ဧရိယာတွေကို မြန်မာနိုင်ငံသားတွေအတွက်မဟုတ်ဘဲ နိုင်ငံခြားသားတွေအတွက်ပဲ သီးသန့် သတ်မှတ်ပေးလို့ရပါတယ်။ (ရှမ်းပြည်နယ် ထိုင်း-မြန်မာ- လာအို နယ်စပ် ရွှေတြိဂံဒေသက မြန်မာပိုင် လောင်းကစားရုံကို မြန်မာတွေ မသွားရလို့ ကန့်သတ်ထားပါတယ်။ အလားတူ ထိုင်းနယ်စပ်က ကမ္ဘောဒီးယားပိုင် လောင်းကစားရုံထဲကိုလည်း သူ့နိုင်ငံသားတွေ မသွားခိုင်းပါဘူး)။ လက်တွေ့ကျတဲ့ စည်းကမ် သတ်မှတ်ချက်တွေနဲ့ ဥပဒေဘောင်အောက်သာ ရောက်လာရင် အဲဒီလုပ်ငန်းတွေအားလုံးဟာ လက်ရှိ နိုင်ငံက သွားနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကောင်းကောင်း အထောက်အကူပြုပါလိမ့်မယ်။ရသင့်ရထိုက်တဲ့ အခွန်အခတွေ အများကြီးရလာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းသစ်တွေနဲ့ အခွင့်အလမ်း အများကြီး ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဥပဒေဘောင်အောက်၊ အလင်းရောင်အောက်မှာ ဖြစ်တဲ့အတွက် ရာဇ၀တ်မှုတွေ၊ ဒုစရိုက်မှုတွေ ဖြစ်ပွားမလာအောင်လည်း အကာအကွယ်ရစေမှာဖြစ်ပါတယ်။ ပိုပြီး ကောင်းကျိုးဖြစ်စေမှာက လိုင်းကြေးပြဿနာ၊ ရဲနဲ့ အာဏာပိုင်တွေ အဂတိလိုက်စားမှု ပြဿနာလျော့နည်းစေမှာ ဖြစ်ပါတယ်။ နိုင်ငံတကာနည်းတူ ဥပဒေအလင်းရောင်အောက် ရောက်လာအောင်အကောင် အထည်ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese

No comments:

Post a Comment