Saturday, July 5, 2014

အဓိကရုဏ်းနှင့် နိုင်ငံရေး

ယနေ့ မန္တလေးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်နားလည်သလောက်ပြောရရင် ယနေ့လို အရေး ကြီးတဲ့အချိန်မှာ ဘာသာရေးနဲ့လူမျိုးရေးကို အကြောင်းပြပြီး သာမန်လူမှုရေးဖြစ်စဉ်တစ်ခုကနေ အရေးအခင်း တစ်ခုသဖွယ် ဖန်တီးလှုပ်ရှားလာတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ အရေးကြီးသလို အစိုးရအနေနဲ့လည်း ၂၀၁၄ ခုနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် သတိထားပြီးဆောင်ရွက် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တပ်မတော်အပိုင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီနှစ် မကုန်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နေတာတွေ့ရသလို နိုင်ငံတော်အစိုးရအတွက် ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက် နေတာကိုလည်း တွေ့မြင်ရပါတယ်။

မန္တလေးဖြစ်စဉ်တွေဟာ တိုက်ဆိုင်မှုလို့ဆိုရင်လည်းရသလို တမင်အကွက်ကျကျဆောင်ရွက်နေတဲ့နိုင်ငံရေး မသမာမှုလို့လည်း ပြည်သူတစ်ယောက်အနေနဲ့ မြင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စတင်တည်ထောင်လာပြီးကတည်းက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိလာခြင်း နဲ့အတူ ယခုဆိုရင် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကိုပါ ထမ်းဆောင်နေပြီဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအပြင် ခရီးသွားလာမှုပါမကျန် ဖွံ့ဖြိုးတိုးတက်လာချိန်မှာ ယခုလိုဖြစ်စဉ် တွေဟာ ရှေ့တက်ရမယ့် ခြေလှမ်းတွေကို ၀ိုင်းဆွဲထားသလိုဖြစ်နေပါတယ်။ အခြေအနေအရပ်ရပ်တွေ ကြောင့် မထိန်းနိုင်မသိမ်းနိုင်လို့ စစ်တပ်က၀င်ထိန်းလိုက်ရင် နိုင်ငံတော်ရဲ့ Image ကို ထိခိုက်သွားနိုင်သလို ရှေ့ဆက်သွား ရမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်း နိုင်ငံတကာရဲ့ ပြန်လည်ပိတ်ဆို့မှုတွေကြောင့် ဝေးကွာသွားနိုင်ပါတယ်။ အဲဒီလိုဖြစ်သွားခဲ့ရင် အရင်ဆုံးခံစား ဒုက္ခရောက်ကြရမယ့်သူတွေကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခါသေဖူးလို့ ပျဉ်ဖိုးလည်း နားလည်နေကြပါပြီ။ “ဖွတ်မရ ဓားမဆုံး”လည်း မဖြစ် ချင်တော့ပါဘူး။မိတ္ထီလာဖြစ်စဉ်အပါအ၀င် ယခုဖြစ်ပွားနေတဲ့ မန္တလေးဖြစ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းတွေဟာ ဒီနေ့ခေတ်မှာ လူတိုင်းအသုံးပြုနေတဲ့ Social Network တွေပေါ်ကတစ်ဆင့် သတင်းအမှန်နဲ့ သတင်းအမှားတွေကို ရောနှောပြီး ပြည်သူလူထုအတွင်း ထိုးဖောက်နေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့သတင်းတိုင်းကို မယုံကြည်ကြဖို့၊ အရေးကြီးလျှင် သွေးစည်းကြဖို့၊ အဓိကရုဏ်းဖြစ်စဉ်တွေကို ကြိုးကိုင်နေတဲ့သူတွေကို မိမိတို့တတ်စွမ်းသရွေ့ ကူညီဖော်ထုတ်ပေးကြဖို့ လိုပါတယ်။ သို့မှသာ အလွန်အရေးကြီး နေတဲ့ကာလဖြစ်တဲ့လက်ရှိအချိန်မှာ လူမျိုးရေးနဲ့ဘာသာရေးကို ရှုထောင့်တစ်ခုမှမကြည့်ဘဲတိုင်းရင်းသားညီအစ်ကို မောင်နှမတွေ အေးအတူပူအမျှဆိုတဲ့ မိသားစုစိတ်ဓာတ်ထားပြီး အနာဂါတ်အရေးကို ရှေးရှုဆောင်ရွက်နိုင်မှသာ ဘယ်လိုပဲ Internet မှ မရေရာမသေချာဘဲ သွေးထိုးသည်ဖြစ်စေ နိုင်ငံရေးလှည့်ကွက်တွေထဲက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကျွန်တော်တို့ ရှောင်လွှဲနိုင်မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ပခန်းသား

No comments:

Post a Comment