Tuesday, July 15, 2014

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: သတင်းမီဒီယာများကို ဖိနှိပ်နေမှုများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ စာနယ်ဇင်းကောင်စီ စာပို့
Tuesday, July 15, 2014

Unity ဂျာနယ် အရေးကိစ္စ အပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် အစိုးရအဖွဲ့က ဖိနှိပ်နေမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ရှိ သက်ဆိုင်ရာရေးရာ ကော်မတီ သုံးခုထံသို့ ဇူလိုင်လ ၁၄ ရက်နေ့က အကြောင်းကြားစာ ပို့ထားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

ပုဂ္ဂလိက သတင်းမီဒီယာများကို အစိုးရ သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့မှု၊ Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ယခုနောက်ဆုံး Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လွှတ်တော်က ဝင်ရောက် ဖြေရှင်းပေးရန် စာပို့ထားခြင်း ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦကျော်မင်းဆွေက ဆိုသည်။

“ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပြည်ထဲရေးဌာန အပါအဝင် အစိုးရအဖွဲ့ အနေနဲ့ ကောင်စီကို ကြိုတင် အသိပေးတာမျိုး မရှိဘဲ သတင်းထောက်တွေကို ဖမ်းဆီးခဲ့တယ်။ Unity ကိစ္စဆိုရင်လည်း အမိန့်မချခင် ကာလကတည်းက နိုင်ငံတော်သမ္မတဆီကို စာပို့ခဲ့တယ်။ တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းပေးဖို့။ ဒါပေမဲ့ ဘာတစ်ခုမှ အကြောင်းမပြန်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် တိုက်ရိုက် ဖွဲ့စည်းပေးခဲ့သော်လည်း အစိုးရ အဖွဲ့အစည်းများက အသိအမှတ် မပြုသလို ဆက်ဆံ ပြုမူနေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

လတ်တလော အခြေအနေတွင် Bi မွန်းတည့်နေ အယ်ဒီတာချုပ်နှင့် အယ်ဒီတာ အဖွဲ့ဝင် နှစ်ဦးကို ၁၉၅၀ ခုနှစ် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ဃ)/ (ည) ဖြင့် တရားစွဲဆိုထားသည့် အပြင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ဇူလိုင်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားသည်။

ယင်းအပြင် အစိုးရက သတင်းမီဒီယာများအပေါ် ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်နေသည့် အပေါ် ဇူလိုင်လ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည့် သတင်းမီဒီယာသမား ၅၀ ဦးမှာလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည်။

စာနယ်ဇင်းကောင်စီက လွှတ်တော်ရေးရာ ကော်မတီများထံသို့ စာပို့ထားခြင်း အပေါ် လွှတ်တော် လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးခိုင်မောင်ရည်က The Voice သို့ ပြောဆိုသည်။

အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများ အကြား ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကို တွေ့ဆုံခွင့် တောင်းဆိုထားပြီး ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံနိုင်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်း ကောင်စီဝင်များထံမှ သိရသည်။

ပခုက္ကူမြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းကို ဖော်ပြသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းသည် များလွန်းပြီး ပြန်လည် စိစစ်သင့်သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယူနတီဂျာနယ် အပါအဝင် ဖမ်းဆီးအရေးယူ ခံထားရသည့် သတင်းသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)/ မျိုးဆက်သစ်လူငယ်များ (GW) နှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့က ကြေညာချက် အသီးသီး ထုတ်ပြန်လိုက်သည်။

ွှThe Voice Weekly
ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ
အခြေအနေများကို လေ့လာရန် အဓိက ရည်ရွယ်ထားကြောင်း၊ အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာအစိုးရ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံသွားမယ်” ဟု Ms. Yanghee Lee က ဆိုသည်။

ပထမဆုံး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ အပါအဝင်၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ အပြင် ပြည်တွင်းရှိ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ပြန် ပြောဆိုသည်။

ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုကို ပြုစု၍ အောက်တိုဘာလ အတွင်း ကျင်းပမည့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည် ဖြစ်ကြောင်း UNOHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာထူးသက်တမ်း ခြောက်နှစ် ပြည့်ခဲ့သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနား၏ နေရာတွင် ဇွန်လမှ စတင် အစားထိုး တာဝန်ယူခဲ့သော ကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် တောင်ကိုရီးယားနိုင်ငံသူ တစ်ဦးဖြစ်ပြီး Sungkyunwan တက္ကသိုလ်၏ ပါမောက္ခ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ကိုယ်စားလှယ်ဟောင်း ကင်တားနား၏ ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အဓိကရုဏ်းကြီးများ ဖြစ်ပွားချိန်နှင့် ကြုံတွေ့ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များမှာ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်ခံခဲ့ရသည့်အပြင် တိုင်းရင်းသားများ၏ ဆန္ဒပြ ကန့်ကွက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment