Friday, July 4, 2014

လွှတ်တော်က သမိုင်းတရားခံအဖြစ် ခံလို့မရဟု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြော

လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ဦးစီးအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ပုဂ်္ဂိုလ်များ၏ လစာနှင့်စရိတ်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ဆုံးဖြတ် အတည်ပြုရာတွင် လွှတ်တော်က သမိုင်းတရားခံ မဖြစ်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ပြောကြားသည်။

“လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လစာကွာတာကိုလည်း သိပါတယ်၊ ၃၅ သိန်းနဲ့ သုံးသိန်း ၁၂ ဆ လောက်ကွာနေတာကို မမျှတဘူးလို့ ခံစားရပါတယ်။ စိတ်လည်း မလုံမခြုံ ဖြစ်မိပါတယ်၊ ဒါပေမဲ့ လွှတ်တော်က ဒါတွေကို ပြင်ဆင်ခွင့်ရှိပါသလား။ ပြင်ဆင်တဲ့နည်းလမ်း မှန်ကန်ပါသလား။ မလုပ်သင့်တာကို လုပ်မိခြင်းအားဖြင့် နောင်မှာ လွှတ်တော်က သမိုင်းတရားခံ အဖြစ်ခံလို့မရပါဘူး” ဟု ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ပြည်ထောင်စုအဆင့်ပုဂ်္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အဆင့် ပုဂ်္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဟူသည့် ဥပဒေကြမ်းသုံးရပ်ကို ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးပြီး အပိုဒ်လိုက် အတည်ပြုရန် စီစဉ်ထားပြီးဖြစ်သည်။

သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တို့၏ လစာနှင့်စရိတ်များကို လွှတ်တော်က ဆုံးဖြတ်အတည်ပြုရခြင်း၊ငွေရေး ကြေးရေးကိစ္စ၊ တစ်နည်းအားဖြင့် ပြည်သူ့ငွေကို ကိုယ် တိုင်သုံးစွဲရမည့် ကိစ္စဖြစ်နေခြင်းနှင့် လွှတ်တော်က မှန်ကန်စွာဆုံးဖြတ်ပေးနိုင်ခွင့် ရှိ၊ မရှိ ဆိုသည်မှာ မိမိ အသေအချာ မသိရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၊ ပညာရှင်များနှင့် အစိုးရအဖွဲ့က ပုဂ်္ဂိုလ်များ ဦးစွာတွေ့ဆုံ ညှိနှိုင်းကြစေလိုသည်ဟုလည်း လွှတ်တော်ကို ပြောကြားခဲ့သည်။

“ငွေရေးကြေးရေးတွေကို ခြုံငုံစီမံခန့် ခွဲဖို့ကပြည်ထောင်စုလွှတ်တော်မှာပဲ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကို လွှတ်တော်က မှန်ကန်စွာဆုံးဖြတ်ပေးနိုင်ခွင့် ရှိမရှိ၊ လစာငွေတွေ တိုးပေးဖို့က လွှတ်တော်မှာ လုပ်ပိုင်ခွင့် ရှိ၊ မရှိ ကျွန်တော် ကောင်းကောင်းမသိပါဘူး။ ကိုယ့်တရား ကိုယ်စီရင်တာမျိုးလည်း မဖြစ်သင့်ပါ ဘူး”ဟု ၎င်းက ပြောသည်။

သို့ရာတွင် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအဖြစ် လွှတ်တော်ကိုယ်စားလှယ်တို့၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ပိတ်ပင်မိတာမျိုး မဖြစ်စေဘဲရရှိစေရေး အတွက်သက်ဆိုင်ရာကော်မတီများ၊ အစိုးရအဖွဲ့ဘက်မှ တာဝန်ရှိသူများထံ လွှဲအပ်ပြီး တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြ၍ လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

လက်ရှိလစာ၊ ချီးမြှင့်ငွေနှင့်စရိတ်များသည် လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များအကြားမှာ ကွာခြားနေသကဲ့သို့ အစိုးရအဖွဲ့နှင့်လည်း ၀န်ကြီး၊ ဒု-၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လစာများ ကွာခြားလျက်ရှိကြောင်း သူရဦးရွှေမန်းက ထောက်ပြပြောကြားခဲ့သည်။

“နိုင်ငံဝန်ထမ်းတွေမှာလည်း ဦးဆောင်ညွန်ကြားရေးမှူးက လစာ နှစ်သိန်းခွဲ၊ ၀န်ကြီး၊ ဒု-၀န်ကြီး လခတွေနဲ့ ချိန်ထိုးကြည့်ရင် အတော်ကွာခြားနေတာ တွေ့ရမှာဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို တိုးပါက ညွှန်ချုပ်များ လစာကိုပါ တိုးပေးသင့်သည်ဟူသည့်အချက်ကို ထောက်ပြသွားခဲ့သည်။

ယနေ့ ပြည်သူ့လွှတ်တော်သို့ရောက်ရှိလာသော အဆိုပါဥပဒေကြမ်းတို့အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲန်းက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့၏ လက်ရှိ လစာ ငွေကျပ် သုံးသိန်းအစား ၁၅ သိန်းဟု ပြင်ဆင်လိုပါကြောင်းလည်း လွှတ်တော်သို့ တင်ပြလာခဲ့သည်။

“ငွေကြေးလိုချင်လို့ အခုလိုပြင်ဆင်တာ မဟုတ်ပါ၊ လုပ်ထုံးလုပ်နည်း နည်းစနစ် မကျတာတွေကြောင့် ကွာဟမှုတွေကို တင်ပြခြင်းသာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌလစာနဲ့ လွှတ်တော်ကိုယ်စားလှယ် လစာတွေက အတော်ကွာလွန်းနေလို့ပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

ဝေးလံခေါင်ဖျားဒေသရှိ ချင်းပြည်နယ်ဦးစီးမှူး တစ်ယောက်၏ လစာနှင့် ရှားပါးစရိတ်မှာ သုံးသိန်းခွဲဖြစ်ပြီး လုပ်ပိုင်ခွင့်နှင့် အခြားအဆောင်အယောင်များရှိနေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် လစာ သုံးသိန်းရပြီး မည်သည့် လုပ်ပိုင်ခွင့်မျှမရှိဘဲ လွှတ်တော်အစည်းအဝေးတက်ရန် မိသားစုနှင့် မိသားစုစီးပွားရေးအားလုံးကို ပစ်ထားခဲ့ရကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရေးအတွက် ၎င်းမှာ တာဝန်ရှိသောကြောင့် တာဝန်ရှိသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကို ကတိပြုပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment