Monday, July 7, 2014

ဒေါ်စုလည်း အိပ်မက်ထဲ လမ်းလျှောက်ဆဲ

နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အဓိကစိန်ခေါ်မှုမှုကြီးတွေကို မသိချင်ယောင်ဆောင်နေရင် အိပ်မက်ထဲလမ်းလျှောက်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

၂၀၁၃ခု ဇန္နဝါရီလ မနက်ခင်းတစ်ရက် NLD ရုံးချုပ်မှာ ဥက္ကဌ ဦးတင်ဦး (ထိုစဉ်က ဥက္ကဌဖြစ်တယ်) နဲ့ တွေ့ဖို့စောင့်ဆိုင်းနေတုန်း ဒီလှိုင်းစာစောင် ဝယ်ဖတ်ဖြစ်ခဲ့တယ်။

စာစောင်ရဲ့ ပထမဆုံးစာမျက်နှာမှာ နေရာပေးထားတဲ့ဆောင်းပါးက သမ္မတအကြံပေး ကိုနေဇင်လတ်(ထင်တယ်) ရေးတဲ့ NLD တွေကို စစ်ဗိုလ်တွေဆီက အရင်သင်ယူပြီးမှ နိုင်ငံ့အာဏာယူသင့်ကြောင်း ရှင်းလင်းတိုက်တွန်းထားတဲ့ ဆောင်းပါးဖြစ်တယ်။ ကိုယ့်ပါတီဝင်တွေကို အတွေးအခေါ်မှားတွေနဲ့ ကိုယ့်စာစောင်မှာ ကိုယ့်စားရိပ်နဲ့ အဆိပ်ခတ်ခွင့်ပေးတဲ့ဆောင်းပါးပါ

အဲဒီစာစောင်မှာဘဲ စစ်ဘေးရှောင် ဘဝပျက်နေတဲ့ ကချင်အမျိုးသမီးတွေကို ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သဝဏ်လွှာ (မိခင်များနေ့လား၊ အမျိုးသမီးများနေ့လား မမှတ်မိ။)ကိုလည်း ဖတ်ရတယ်။ ကချင်စစ်ပွဲ အမြင့်ဆုံးအရှိန်မြှင့်နေစဉ်ကာလတွင်း ကချင်အမျိုးသမီး ကြီးငယ်တွေဟာ မိတကွဲ၊ ဘတကွဲ၊ သားကွဲ၊ သမီးကွဲ၊ သေသူသေ၊ ပြတ်သူပြတ်၊ မုဒိန်းကျင့်ခံရသူတွေ အကျင့်ခံရနဲ့ ကချင်ပြည်သူတွေ အထူးသဖြင့် ကချင်အမျိုးသမီးတွေ ငရဲကျနေတဲ့အချိန်မျိုးမှာ ဒေါ်စုက " အမျိုးသမီးတွေရဲ့ ကဏ္ဍက အရေးကြီးကြောင်း၊ သားသမီးတွေကို ပညာတတ်ဖို့ လိမ်မာဖို့ မိခင်တွေရဲ့ တာဝန်ဖြစ်ကြောင်း၊ ခလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ မျှော်လင့်ချက်ကို မြင့်မားစွာ ထားရှိဖို့ဖြစ်ကြောင်း" စသဖြင့် ရေးသားထားတာကို တအံ့တသြဖတ်လိုက်ရတယ်။

ဒေါ်စုရဲ့ ကချင်အမျိုးသမီးတွေကိုပေးတဲ့ ပေးစာထဲမှာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်နေတယ်။ လူတွေ အထူးသဖြင့် အမျိုးသမီးတွေ၊ ခလေးငယ်တွေ ဒုက္ခရောက်နေတယ်။ သူတို့ဘဝတွေကို စာနာတယ် ဆိုတဲ့စကားလုံးကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ စစ်ပွဲဖြစ်တဲ့ဘယ်ဖက်ကိုမှ အပြစ်မတင်တာကို အခြေအနေအရ နားလည်လို့ရနိုင်ပေမဲ့၊ စစ်ကြောင့် လက်ငင်းအတိဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေဘဝကို အသိအမှတ်တောင် ပြုမထားဘူးဆိုတာကတော့ လက်တွေ့နဲ့ ကင်းကွာလွန်းလှပါတယ်။ ဒေါ်စုရဲ့ အဲဒီစာမျိုးကို ဗုံးဆံ၊ အမြောက်ဆံတွေကြားမှာ ကြောက်လန့်တကြား အသက်လုပြေးလွှားနေရတဲ့ ကချင်အမျိုးသမီးတစ်ယောက်ကို ပေးဖတ်လိုက်ရင် ဘယ်လိုခံစားသွားမယ်ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး။ ဒါမျိုးတွေဖြစ်တာများလာလို့လည်း တိုင်းရင်းသားတွေနဲ့ ဒေါ်စုအကြား ယုံကြည်ကိုးစားမှုဟာ ၁၉၉၀ကာလများနှင့် တခြားစီဖြစ်နေဟန်တူပါတယ်။

ကိုနေဇင်လတ်ဆောင်းပါးကော၊ ဒေါ်စုရဲ့ပေးစာကိုကော ဦးတင်ဦးနဲ့ တွေ့တုန်းမှာ ကျနော်ထောက်ပြဝေဖန်ခဲ့တယ်။ ဦးတင်ဦးကတော့ တကဲ့ကို လေးစားစရာကောင်းတဲ့ စစ်သားကြီးပါ။ ခေါင်းဆောင်အပေါ်မှာ သစ္စာရှိတာ၊ ကာကွယ်တာကိုတော့ အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင်ပါဘဲ။ စစ်သားနဲ့ ကျနော်တို့လို နိုင်ငံရေးသမား ကွာတာ အဲဒါလည်း တစ်ချက်ဖြစ်မယ်။ နိုင်ငံရေးသမားက ခေါင်းဆောင်ကို အလုပ်ပေါ်မှာ သစ္စာထားတယ်။ လူပေါ်မှာ သစ္စာမထားဘူး။ စစ်မှန်သော နိုင်ငံရေးသမား သစ္စာထားတာ နိုင်ငံနဲ့ ပြည်သူဘဲဖြစ်တယ်။ ခေါင်းဆောင်ကို ဖယ်ထုတ်လိုက်လို့ ရတယ်။ အမိန့်တွေနဲ့ ကျင့်သားရတဲ့ စစ်သားတွေကတော့ နိုင်ငံတော်နဲ့ ခေါင်းဆောင်ကို အစဉ်တွဲပြီး မြင်ကောင်း မြင်လိမ့်မယ်။

အရှိန်မြင့်တက်လာတဲ့ ဘာသာရေးအစွန်းရောက်မှုတွေနဲ့ NLD ပါတီဝင်အချို့တွေရဲ့ ပါဝင်ပတ်သက်မှုကို ဦးတင်ဦးကို ကျနော် အထောက်အထားတွေနဲ့ အကျယ်တဝံ့ရှင်းပြခဲ့တယ်။ ပါတီရဲ့ မူဝါဒနဲ့လည်း မကိုက်ညီတာမို့ ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေထဲမှာ ပါတီဝင်တွေ မပါဝင်ဖို့ ပါတီတွင်း ညွှန်ကြားစာတစ်စောင် အမြန်ထုတ်ပေးသင့်ကြောင်း တင်ပြခဲ့တယ်။ ဦးတင်ဦးက လက်ခံတယ်။ အမှုဆောင်တင်ပြီး ဆုံးဖြတ်ပေးမယ်ပြောခဲ့တယ်။ သို့သော် အခုအချိန်အထဲ ပါတီဝင်တွေကို လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုတွေနဲ့ ကင်းရှင်းရန် ပါတီက ညွှန်ကြားစာ တစ်စောင်မှ မထုတ်ခဲ့၊ မတားခဲ့သည့်အပြင် ဦးညာဏ်ဝင်းက နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ၉၆၉ ဟာ လူမှုရေးအဖွဲ့ဖြစ်လို့ ပါတီဝင်တွေ ၉၆၉မှာ ဝင်တာကို တားမြစ်စရာ မလိုဘူးလို့တောင် အားပေးအားမြှောက် ပြောခဲ့တယ်။ သမိုင်းတွေပါ။

မူလဆောင်းပါးရဲ့ ရည်ရွယ်ချက်ကို ပြန်သွားပါမယ်။

မြန်မာပြည်မှာ ဘာသာရေးအစွန်းရောက်အမြင်များ တိုးပွါးလျှက်ရှိပြီး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နှစ်နှစ်ကာလကျော်လွန်လာခဲ့ပြီ။ မြို့ကြီးပြကြီးတွေရဲ့ လုံခြုံရေးကိုတောင် အတိအလင်း ခြိမ်းချောက်လာပါပြီ။

ဒီဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုတွေဟာ သေသေချာချာ စဉ်းစားမယ်ဆိုရင် ပြည်တွင်းစစ်ထက်တောင် ပိုအန္တရာယ်ကြီးပါတယ်။ ပုဒ်မ ၄၃၆ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာမက၊ တိုင်းပြည်တည်ငြိမ်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်ရှိနေရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံရေး၊ ကုန်ကုန်ပြောရရင် ၂၀၁၅မှာ ရွေးကောက်ပွဲဖြစ်ရေးကအစ၊ စစ်တပ်က အာဏာပြန်မသိမ်းရေးအဆုံးတွေအားလုံးကို ကပြောင်းကပြန်လုပ်ပစ်နိုင်တဲ့ တိုင်းပြည့်ရန်စွယ် ပြည်ထောင်စုအန္တရာယ် စစ်စစ်ကြီးဖြစ်တယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် အသက်သွေးချွေးပေးခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲ ကြိုးပမ်းမှုဖြစ်စဉ်ကြီးတစ်ခုလုံးကို ချေမှုံးလိုက်သလိုဖြစ်သွားပြီး အီဂျစ်နိုင်ငံလို နောက်ထပ် အနည်းဆုံး အနှစ်နှစ်ဆယ် စစ်တပ်က ဆက်အုပ်ချုပ်သွားစေမဲ့ လမ်းကြောင်းဖြစ်တယ်။

အခု NLDရဲ့ လူငယ်ညီလာခံဟာ မန္တလေးမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတုန်း ကျင်းပတာဖြစ်တယ်။ ဒေါ်စုအနေနဲ့ တစ်နိုင်ငံလုံးက ရောက်ရှိလာကြတဲ့ လူငယ်မျိုးဆက်သစ်တွေကို ယနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲအကြပ်အတည်းတွေကို ပြောဖို့တာဝန်ရှိတယ်။ အနိမ့်ဆုံးအနေနဲ့ လက်ရှိတိုင်းပြည်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီရေးတွေကို အတိအလင်းခြိမ်းချောက်နေတဲ့ ဘာသာရေးအစွန်းရောက်မှုတွေအပေါ် ပါတီရဲ့ သဘောထား၊ လူငယ်ခေါင်းဆောင်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပေးစကားပြောကြားဖို့ အကောင်းဆုံးအခွင့်အလမ်းလည်း ဖြစ်တယ်။ ဘယ်သူမှားတယ်၊ မှန်တယ် ပြောစရာ မလိုပါဘူး။

သို့သော် ဒေါ်စုက လက်ငင်းကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထား၊ လမ်းညွှန်မှုကို လူငယ်ညီလာခံမှာ တမင် တစ်လုံးတစ်ပါဒမှ ပြောဆိုခြင်း မပြုခဲ့ခြင်းဟာ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒေါ်စုရဲ့ သမိုင်းလည်းဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အဓိကစိန်ခေါ်မှုမှုကြီးတွေကို မသိချင်ယောင်ဆောင်နေရင် အိပ်မက်ထဲလမ်းလျှောက်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ကျနော့ဆောင်းပါးကို စခဲ့တယ်။

အဲဒီစိန်ခေါ်မှုဟာ တိုင်းပြည်ကို အန္တရာယ်ဖြစ်စေတဲ့ အရေးအခင်းဖြစ်နေမှန်းသိလျှက်နဲ့ မသိချင်ယောင်ဆောင်တာ (သို့မဟုတ်) မသိတာဆိုရင်တော့ သမိုင်းတရားခံဖြစ်သွားနိုင်တယ်ဆိုတဲ့စကားနဲ့ဘဲ ဝမ်းနည်းစွာဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

အောင်တင်

Karen Information Center

No comments:

Post a Comment