Monday, July 7, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် အတူ ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်သို့ ရောက်ရှိကြရာ အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha တို့သည် Bilateral အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြရာ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဝင်းမောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် ထိုင်း တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ် General Prayut Chan-o-cha က ထိုင်းနိုင်ငံနှင့် ထိုင်းတပ်မတော် အပေါ် နားလည်မှု ရှိသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်သည် ချစ်ကြည် ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း အဆင့်ဆင့် တိုးတက်မှုများ ရှိကြောင်း၊ နယ်စပ်ဒေသတွင် ဖြစ်ပေါ်လေ့ ရှိသော ပြဿနာ ကိစ္စရပ်များကို နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စ၊ နယ်စပ်ဒေသ စီးပွားရေး အထူးဇုန် တည်ဆောက်ရေး ကိစ္စရပ်များ ကိုလည်း စနစ်တကျ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ် ဆက်ဆံမှု တိုးတက် ကောင်းမွန်စေရေး အတွက် ဆေးဘက် ပညာရပ်ပိုင်း ဆိုင်ရာများနှင့် HADR ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ ဘက်တွင်လည်း အာဆီယံ သစ်ပင် သစ်တော ထိန်းသိမ်းမှု၊ ညီအစ်မကျေးရွာ အကောင်အထည်ဖော် တည်ဆောက်မှုတို့ ကိုလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၏ လက်ရှိ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ၏ Road Map သည် တစ်ဆင့်ချင်း အောင်မြင်မှု ရရှိနေပြီး ပြည်သူ အများစုက ထောက်ခံသည်ဟု သိရကြောင်း၊ အခက်အခဲများကို ကျော်လွှားနိုင်ရန် စိတ်ရှည် သည်းခံစွာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စကို တရားဝင် ဖြစ်အောင် ဥပဒေနှင့် အညီ ဆောင်ရွက် ပေးနေသည့် အတွက် ကျေးဇူး တင်ရှိကြောင်း၊ နယ်စပ်ဒေသ စီမံကိန်းများနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိုလည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Prayut Chan-o-cha တို့သည် အထိမ်း အမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ထိုင်းတပ်မတော် အရာရှိကြီးများသည် ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထိုင်းဘုရင့် ရေတပ်ဌာနချုပ် Rajaworadit ဆိပ်ကမ်းသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ ပြည်သူများ အေးချမ်း ပျော်ရွှင် စေရေးနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အားလုံး ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ဆုတောင်းမေတ္တာ ပို့သကာ ကျောက်ဖရားမြစ် အတွင်းသို့ ဇီဝိတဒါန ငါးများ လွှတ်ကြ ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment