Monday, July 7, 2014

အငြိမ်းစားများကို ပညာရေးအတိုင်ပင်ခံ ခန့်မည်

ပညာရေးမြှင့်တင်မှု ထိရောက်စေရန် ပင်စင်ယူသွားသည့် ဆရာ၊ဆရာမများကို ပညာရေးကဏ္ဍ အသီးသီးတွင် ပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက ရန်ကုန်စိန်ရတု ခန်းမတွင် ပြောကြား လိုက်သည်။

ဆရာ၊ ဆရာမကြီးများထဲမှလုပ်နိုင်စွမ်းနှင့် ဆက်လက်တာဝန်ထမ်းဆောင်လိုသည့် ဆရာ၊ဆရာမကြီးများကို ရာထူးအဆင့်အတန်းပေါ်မူတည်၍ ပညာရေးအတိုင်ပင်ခံအဖြစ်ပါ ကဏ္ဍအလိုက်ခန့်အပ်ပေးသွားမည်ဖြစ်သည်ဟု ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် မီဒီယာများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

“နယ်ပယ်အသီးသီးကပင်စင်ယူတာဆိုတော့ သက်ဆိုင်ရာပညာရေး ကဏ္ဍတွေမှာ ပြန်လည်ခန့်အပ်ပေး သွားမယ်”ဟု ပြောသည်။

ပညာသင်နှစ်တစ်ခုလျှင် အငြိမ်းစားယူသည့် ပညာရေးဝန်ထမ်းဦးရေ ၈,၀၀၀မှ ၁၀,၀၀၀ ကြားတွင် ရှိပြီး ထိုနေရာများတွင် အစားထိုးခန့်အပ်သည့်သူများသည် အတွေ့အကြုံနုနယ်သေးသည့်အတွက် ပညာရေးမြှင့်တင်မှု လုပ်ငန်းများတွင် ထိရောက်မှုအားနည်းခြင်းများ ကြုံတွေ့နေရသည်ဟု ပြည်ထောင်စု ၀န်ကြီးကဆိုသည်။ ပြန်လည်ခန့်အပ်သည့် ဆရာ၊ ဆရာမများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများနှင့်ပူးတွဲတာဝန်ပေးအပ်နိုင်ရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အတွေ့အကြုံရင့်ဆရာ၊ဆရာမကြီးများထဲမှ တစ်မြို့နယ်တစ်ဦး အငြိမ်းစားယူသွားပါက ၎င်းတို့နေရာတွင် အစားထိုးရန် ထိုက်တန်သော လူ့စွမ်းအားအရင်းအမြစ်များ ရှားပါးနေခြင်းကြောင့် လစ်လပ်နေရာများ ခန့်အပ်ရာတွင် အခက်အခဲများစွာ ရှိနေသည့်အတွက် ၎င်းဆရာ၊ဆရာကြီးများကို ပင်စင်မယူစေဘဲ နှစ်နှစ်မှ သုံးနှစ်အထိ ထပ်မံတာဝန်ထမ်းဆောင်စေလိုခြင်းဖြစ်သည်ဟု ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာ နညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက ဆိုသည်။

မင်းဘူးမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက “ဒီစနစ်ကိုကျင့်သုံးမယ်ဆိုရင်တော့ အသက် ၆၀ပြည့်ရင် အငြိမ်းစားယူခိုင်းတဲ့ စနစ်ကို ပယ်ဖျက်မှရမယ်လေ” ဟု ထောက်ပြ ပြောဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင် အငြိမ်းစားရသူများ၊ တာဝန်မှ ရပ်နားသူများ၊ တာဝန်ရပ်စဲခံရသူ အရေအတွက်၊ ဆရာ၊ဆရာမနှင့် ကျောင်းသားအရေအတွက် ပေါ်မူတည်ပြီး တစ်နှစ်လျှင် မည်မျှပြန်လည်ခန့်အပ်ရမည်ကို စီမံကိန်းချမှတ် အကောင်အထည်ဖော်သွားမည်ဟု ပညာရေးဝန်ကြီးက ဆိုသည်။

အမျိုးသားအဆင့် ပညာရေးစီမံကိန်းများချမှတ်ခြင်း၊ ဥပဒေများကို ဖြည့်ဆည်းပေးခြင်း၊ မိဘ၊ ဆရာအသင်းများ ဖွဲ့စည်းပေးခြင်း၊ ကျောင်းနေနှုန်း မြင့်မားရေး စီမံကိန်းချမှတ်ခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားပေးရေးစနစ် ပီပြင်စေရန်နှင့် ပုဂ္ဂလိကကျောင်းများ အရည်သွေးမြင့်ရေးတို့ကို ၀န်ကြီးဌာနက အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်။

Mizzima

No comments:

Post a Comment