Thursday, July 3, 2014

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့မည်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇူလိုင် ၄ ရက် ထိုင်းနိုင်ငံ ခရီးစဉ်ကို စစ်တပ်ဖြင့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ခရီးဦးကြိုပြုရန် စီစဉ်ထားသည်ဟု ဘန်ကောက်ပို့စ်က ဇူလိုင်၂ ရက်တွင် သတင်းရေးသားဖော်ပြသည်။

၎င်းသည် လက်ရှိထိုင်းနိုင်ငံကို အုပ်ချုပ်နေသည့် ထိုင်းအမျိုးသားငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကောင်စီ NCPO ၏ အကြီးအကဲလည်း ဖြစ်သည်။ ထို့ပြင် NCPO ဒုတိယအကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်နာဆက်စ်ပတ်သီမာပါရာဂွန်ကလည်း မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကိုထိုင်းအာဏာသိမ်းခေါင်းဆောင်နှင့် တစ်ပါတည်းတွေ့ရန် စီစဉ်ထားသည်။

ခရီးစဉ်သည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် တရားဝင်အလည်အပတ်လာရောက်ခြင်းဖြစ်ပြီး မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကိုထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ကြိုဆိုရန် အသင့်ရှိနေသည်ဟု သတင်းက ဆိုသည်။ထို့ပြင် နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာ စေမည်ဟု ဘန်ကောက်ပို့စ်က သုံးသပ်ထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်သည် မေ ၂၂ ရက် ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက် လာရောက်သည့် ဒုတိယမြောက် တပ်မတော်အကြီးအကဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ပြီးခဲ့သည့် လအစောပိုင်းက ဘန်ကောက်တွင် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် မလေးရှား ကာကွယ်ရေးဦးစီးချုပ် လာရောက်တွေ့ဆုံခဲ့သေးသည်။

ယခုခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနိုင်ငံသို့ တရားဝင် ခရီးသွားရောက်ခဲ့ပြီး အိန္ဒိယဘဏ္ဍာရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ကုန်းတွင်း သယ်ယူပို့ဆောင်ရေး လမ်းဖောက်လုပ်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၈ ရက်အထိ အိန္ဒိယနှင့် ပူးပေါင်းမည့် စစ်ရေးလေ့ကျင့်မှုအတွက်လည်း နှစ်ဖက်ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့သေးသည်။ ထိုင်းတပ်မတော်ခေါင်းဆောင်တို့၏ ခရီးစဉ်သည် အိန္ဒိယ၀န်ကြီးချုပ်သစ် ရာထူးလက်ခံပြီးနောက်ပိုင်း ပထမဆုံးရောက်ရှိလာသည့် နိုင်ငံတကာ ဧည့်သည်တော်များအဖြစ် စာရင်းဝင်ခဲ့သည်။

(ရည်ညွှန်း-ဘန်ကောက်ပို့စ်)

သူတို့ ဘယ်လိုသုံးသပ်ကြသလဲ

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသူ)

ထိုင်းက ဒီအချိန်မှာ အမေရိကန်နိုင်ငံက သူ့ကိုပေးနေတဲ့ အကူအညီတွေတောင်မှ ယာယီရပ်ဆိုင်းထားတဲ့ အနေအထားရှိတယ်လေ။ အဲလိုအခြေအနေအောက်မှာ ပြောရလို့ရှိရင် နိုင်ငံရေးမဟာမိတ်၊ စစ်ရေး မဟာမိတ်ရှာဖွေဖို့၊ အထူးသဖြင့် တိုင်းပြည်ကို နှစ် ၅၀ ကျော် စိုးမိုးအုပ်ချုပ်လာခဲ့တဲ့ မြန်မာ့တပ်မတော်က ခေါင်းဆောင်တွေနဲ့ဆိုရင် ထိုင်းအစိုးရအနေနဲ့ အခုလောလောဆယ်သူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ မြန်မာနိုင်ငံဆီက အတွေ့အကြုံတွေ၊ အကြံဉဏ်တွေပေါ်မှာ သူတို့ ရယူဖို့ ကြိုးပမ်းတဲ့ အနေအထားတစ်ရပ်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။

ဦးလှဆွေ (တပ်မတော်အရာရှိဟောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

တပ်မတော်အချင်းချင်း ချစ်ကြည်ဖို့ သွားတာဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်းတွေလေ။ ရင်းနှီးမှုမပျက်မှ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနဲ့ မြန်မာ့တပ်မတော်နဲ့ မတည့်ဘူးဆိုရင် သူတို့က နယ်စပ်မှာ လက်နက်တွေကို မသိချင်ယောင်တစ်ချက်ကလေးဆောင်ပေးလိုက်တာနဲ့ မြန်မာပြည်မှာ အများကြီးရောက်လာမယ်။ ကျွန်တော်တို့ဆီက လက်နက်ကိုင်တွေ သက်ဆိုးရှည်ဖို့ သူတို့ တစ်ချက်လေးမျက်စိမှိတ်လိုက်တာနဲ့ လက်နက်ကိုင်တွေက သက်ဆိုးရှည်သွားနိုင်တယ်။ သူတို့အခုလို ထောက်ခံမှုနည်းနေတဲ့ အချိန်မှာ မြန်မာပြည်က သွားထောက်ခံလိုက်တာ နှစ်နိုင်ငံတပ်မတော်ချင်း အင်မတန်ရင်းနှီးတဲ့ အသွင်ဆောင်တယ်။

ဦးကျော်ဝင်း(နိုင်ငံရေးဆောင်းပါးရှင်နှင့် အမျိုးသားလွှတ်တော်အကြံပေး)

သိပ်တော့ထူးခြားမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ထိုင်းအာဏာသိမ်းပြီးကာစမှာ ထိုင်းဗိုလ်ချုပ်ကြီးက ပြောဖူးတာရှိတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေ့လာရမယ်ဆိုလား။ အတုယူရမယ်ဆိုလား ပြောဖူးတယ်။ ကျွန်တော်တို့ဘက်ကတော့ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။


Mizzima

No comments:

Post a Comment