Tuesday, July 15, 2014

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်) ဒေသတွင် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း (ပလောင်)တိုင်းရင်းသားဒေသတွင် စစ်ဘေး ဒုက္ခသည် ၄ဝဝဝ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ထံမှ သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင် ရသေးသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ လျှော့ချနိုင်ရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ
ဇွန်လအတွင်း၌ တိုက်ပွဲ ၂ဝ ကျော်နှင့် ဇူလိုင်လအတွင်း တိုက်ပွဲနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒုက္ခသည်စခန်းက ကိုးခုရှိတယ်။ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းစတဲ့ မြို့နယ်တွေမှာ ရှိနေတာ။ လက်ရှိ ဒီကိုးခုမှာ ၄ဝဝဝ နဲ့ ၅ဝဝဝ ဝန်းကျင်ကြားမှာ ရှိတယ်။ အခု မိုးရာသီမှာဆိုတော့ ဘယ်နေရာမဆို အခက်အခဲရှိတယ်။
သူတို့ ဆောက်ထားတဲ့အိမ်တွေ၊ နေဖို့ ထိုင်ဖို့ဆိုတာ အဆင်ပြေတယ်လို့ရယ် မရှိဘူး။ စားဖို့သောက်ဖို့လည်း တစ်ဖက်တစ်လမ်းက လိုက်ရှာနေရတဲ့အပိုင်း ရှိတယ်။ အခုတစ်လောမှာ အခြားအဖွဲ့တွေလာကူညီတာကိုလည်း မတွေ့ရဘူး” ဟု လားရှိုးမြို့ အခြေစိုက်အဖွဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဒီဒီပိုးကျိန်က ပြောကြားသည်။

တအာင်းဒေသရှိ စစ်ဘေးဒုက္ခသည်များအား ဒေသတွင်းမှ အလှူရှင် များ၏ ထောက်ပံ့ကူညီမှုသာ ရရှိနေပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ အကူအညီရရှိမှု မရှိသလောက်နည်းပါးသည်ဟု TNLA မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်များတွင် တပ်မတော်နှင့်  TNLA ပူးပေါင်း တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံး မှ သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။

အစိုးရနှင့်  TNLA တို့အကြား ၂ဝ၁၃ ခုနှစ် ဇူလိုင်လကုန်က ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား အပစ်ရပ်စဲရေးဆောင်ရွက်ရန်၊ ဆက်ဆံရေးရုံးများဖွင့်လှစ်နိုင်ရေး၊ လက်နက်မကိုင်ဆောင်ဘဲ နယ်မြေအတွင်း တပ်များ လွတ်လပ်စွာ သွားလာနိုင်ရေး၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကျင်းပနိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက်များမရရှိခဲ့ဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် တိုက်ပွဲပေါင်း ၁ဝဝ ကျော်နှင့် ၂ဝ၁၄ ခုနှစ်တွင် တိုက်ပွဲ ၇ဝ ကျော်ဖြစ်ပွားခဲ့ကြောင်း TNLA မှ သိရသည်။      


Eleven

No comments:

Post a Comment