Tuesday, July 15, 2014

နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ်ပုံမှန်အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ သတ်မှတ်ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘောအတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်၌ ဖြေကြား

နိုင်ငံတော်သမ္မတအား ချီတက် အလေးပြု ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘော အတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောကြား သည်။
ဇူလိုင် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမေးမြန်း သည့် နိုင်ငံတော် ၏ အထွတ်အထိပ်ဖြစ်သော နိုင်ငံတော်သမ္မတအား တပ်မတော်မှ နှစ်စဉ်ပုံမှန် အခမ်းအနားဖြင့် ချီတက် အလေးပြုသောနေ့အား မည်သည့်နေ့ရက်တွင်
သတ်မှတ်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့နိုင်ငံရဲ့ ပထမဆုံးနှစ်ပတ်လည် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ၁၉၄၉ ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးအောင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ရှုသဘင်ကို မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်က ပထမဆုံးသမ္မတဖြစ်တဲ့ သမ္မတကြီး စပ်ရွှေသိုက်ကို ကြည်း၊ ရေ၊ လေတပ်မတော်၊ စစ်ရဲ၊ ရန်ကုန်ရဲ၊ တပ်မတော်တီးဝိုင်းတွေက ဦးဆောင်ပြီး ပြည်သူ့ သူနာပြုတပ်နဲ့ အပျော်တမ်း မီးသတ်အဖွဲ့များက ချီတက်အလေးပြုခဲ့ကြပါတယ်။ လေတပ်မတော်က တိုက်လေယာဉ်တွေကလည်း ကောင်းကင်ကနေ ပျံဝဲအလေးပြုခဲ့ပါတယ်”ဟု ပြောကြားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတအား ချီတက်အလေးပြုခြင်းအား ဆဌမနှစ်ပတ်လည် လွတ်လပ်ရေးနေ့အောင်ပွဲသဘင်အခမ်းအနား ကို ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ပြည်လမ်းရှိ ဗိုလ်ရှုသဘင်တွင် ကျင်းပခဲ့ကြောင်း၊ ၁၉၄၉ မှ ၁၉၆၁ ခုနှစ်အထိ လွတ်လပ်ရေးအောင်ပွဲ သဘင်အခမ်းအနားကို ၁၃ ကြိမ်မြောက်အထိ နှစ်အဆက်ဆက် ကျင်းပခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

လွတ်လပ်ရေးသဘင်အခမ်းအနားအား ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ သမ္မတများဖြစ်သည့် စပ်ရွှေသိုက်၊ ဦးဘဦး၊ ဦးဝင်းမောင် စသည်ဖြင့် သမ္မတအဆက်ဆက် လွတ်သဘင်နှင့် ဗိုလ်ရှုခံသဘင်များ ကျင်းပခဲ့ကြောင်း ပြောကြားသည်။

၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့သည့် လွတ်လပ်ရေးသဘင်အခမ်းအနားတွင် ယခင်နှစ်များကဲ့သို့ စစ်လက်နက်အင်အားပြ ချီတက်အလေးပြုမှုမျိုး မလုပ်တော့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ စည်းလုံးညီညွတ်ရေး သရုပ်ဖော်များ၊ သရုပ်ဖော်ယာဉ်များဖြင့် ချီတက်အလေးပြုခဲ့ကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက“သမ္မတ သဘောပဲလို့ ဖြေသွားတယ်။ အမှန်တော့ အဲလိုမဖြေသင့်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သမ္မတကစပြီးတော့ အဆိုပြုမှ အလေးပြုမယ့်သဘောလား မသိပါဘူး။ သူများနိုင်ငံတွေမှာ သမ္မတကို အလေးပြုတယ်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာလည်း ပါလီမန်ဒီမိုကရေစီခေတ်မှာ တောက်လျှောက် အလေးပြုခဲ့တာပဲ။ ၆၂ ခုနှစ်ကစပြီး ဒါကြီးကပျက်သွားတာ။ ဘာလို့လည်းဆိုတော့ ဦးနေဝင်းက တပ်ချုပ်ဖြစ်တဲ့အခါကျတော့ အတူတူပဲဆိုတဲ့ သဘောဖြစ်သွားတယ် ထင်တယ်။ နောက်ပိုင်းတော့ ၆၂ ကနေ အခုထိ အဲလိုဖြစ်သွားတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မတူတော့ဘူးလေ။ သမ္မတက သတ်သတ်ဖြစ်သွားပြီ။ ကျွန်တော်မေးတာကလည်း ၄၈ ခုနှစ်ကနေ ၆၂ ခုနှစ်အထိ နိုင်ငံတော်သမ္မတကို အလေးပြုခဲ့တာ။ အဲလိုပြန်ဖြစ်စေချင်လို့ပါ။ ဘာလို့ဆိုတော့ အရပ်သားအစိုးရကို တပ်မတော်က အလေးပြုစေချင်တာ။ ဒါပေမဲ့ ပြန်ဖြေသွားတာက သမ္မတရဲ့သဘောဆိုတာကို သိပ်ဘဝင်မကျဘူး။ သမ္မတက သဘောဆန္ဒရှိတာ မရှိတာထက် သမ္မတကိုပဲ တပ်မတော်က အဆိုပြုပြီး လုပ်သင့်တာပေါ့။ ကဲ သမ္မတကြီး တစ်ရက်ရက်တော့ ရွေး၊ အဲဒီလိုဖြစ်ရမှာပေါ့။ အမေရိကန်မှာဆိုလည်း သမ္မတက စစ်တက္ကသိုလ်ဆင်းပွဲတွေမှာ မိန့် ခွန်းပြောတယ်။
အဲဒီလိုဖြစ်ရမှာ။ ကျွန်တော်တို့ရဲ့သမ္မတကိုလည်း တပ်မတော်နဲ့ ကင်းကွာနေတာမျိုး မဖြစ်စေချင်ဘူး။ တပ်မတော်ကို တပ်ချုပ်နဲ့ပဲမထားဘဲနဲ့ Power ပေးစေချင်တာပါ။ ဒါဆို ပိုကောင်းမယ်ထင်တယ်။ ကျွန်တော်မေးတဲ့ မေးခွန်းကို ပြန်မဖြေချင်တဲ့ သဘောလား မသိပါဘူး။ သတ်သတ်မှတ်မှတ်လေး သတ်မှတ်ပေးသင့်တာပေါ့”ဟု ပြော ကြားသည်။   

Eleven   

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အမျိုးသားလွှတ်တော်၌ ဖြေကြားစဉ်

No comments:

Post a Comment