Monday, July 7, 2014

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့ပါက ယင်းပွဲစဉ်အမီ ဒီမာရီယာ ပြန်ကစားနိုင်ဖွယ်ရှိ

အကယ်၍ နယ်သာလန်ကို ကျော်ဖြတ်ကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့မည်ဆိုပါက အိန်ဂျယ်ဒီမာရီယာ ပါဝင်ကစားနိုင်မည့် အလားအလာ ရှိနေကြောင်း အာဂျင်တီးနားအသင်း၏ ဆရာဝန်က ပြောကြားခဲ့သည်။
ဒေါက်တာ ဒင်နီရယ် မာတီနက်ဇ်က အသက်(၂၆)နှစ်ရှိ ကစားသမားအနေဖြင့် နယ်သာလန်နှင့် ရင်ဆိုင်မည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် အခွင့်အရေး မရှိသော်လည်း ဗိုလ်လုပွဲသို့ အာဂျင်တီးနား တက်ရောက်ခဲ့ပါက အကောင်းမြင် မျှော်လင့်ခွင့်ရှိမည်ဟု ယုံကြည်နေသည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမားသည် ဘယ်လ်ဂျီယံကို (၁-၀)ဖြင့် အနိုင်ရသည့် ပွဲတွင် ပွဲချိန်မိနစ်(၃၀)ကျော်၌ ဂိုးပေါက်ကန်သွင်းရန် ကြိုးစားရင်း ပေါင်ကြွက်သား ဒဏ်ရာရရှိသဖြင့် လူစားလဲခဲ့ရသည်။ ဒီမာရီယာသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားအတွက် အပေါ်လွင်ဆုံး ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။
ဒေါက်တာ မာတီနက်ဇ်က “ဒီမာရီယာနဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုတို့ ရထားတဲ့ ဒဏ်ရာတွေက ပုံစံတူပါတယ်။ ကြွက်သားဒဏ်ရာတွေထဲမှာတော့ အပျော့ပြောင်းဆုံးလို့ ပြောနိုင်တယ်။ ဒီမာရီယာက နောက်ပွဲမှာတော့ မကစားနိုင်ပါဘူး။ အဲဒါပြီးရင်တော့ တစ်နေ့ချင်း အခြေအနေတွေကို ကျွန်တော်တို့ စိစစ်စောင့်ကြည့်သွားရလိမ့်မယ်”ဟု ဆိုသည်။
၎င်းက အဂွေရိုမှာမူ နယ်သာလန်အသင်းနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေမည်ဟု မှတ်ချက်ပြုခဲ့သည်။ “အဂွေရိုက အသင်းမှာ လေ့ကျင့်ခန်း သုံးခါထိ ဆင်းကြည့်ပြီးပြီ။ အဆင်ပြေတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ပိုတိုးတက်လာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ သူ့အနေအထားက ဘောလုံးကစားဖို့ အသင့်ဖြစ်နေပါပြီ”ဟုလည်း ဒေါက်တာ မာတီနက်ဇ်က ပြောကြားသွားသည်။

7 Day Daily

No comments:

Post a Comment