Friday, July 25, 2014

အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ပါတီများက ကန့်ကွက်နေသော အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လာမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ကျင့်သုံးနိုင်ရေး အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ယနေ့ အတည်ပြုလိုက်သည်။

ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ
အင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှအပ တိုင်းဒေသကြီးများ၏ ရွေးကောက်ပွဲများတွင် PR စနစ်ကို စတင်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦး ကန့်ကွက်ခဲ့သော်လည်း ထောက်ခံဆန္ဒမဲ များသဖြင့် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။

ယင်းအဆိုကို ကြံ့ခိုင်ရေး ပါတီဝင်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အားလုံး ထောက်ခံ မဲ ပေးခဲ့ကြ သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်နှင့် ပါတီစုံဒီမိုကရေစီ စနစ်ကို ပီပြင်မှု ရရှိလာရန်အတွက် PR စနစ် ကျင့်သုံးရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အဆိုတင်သွင်းသူ ဦးအောင်ဇင်က ဆိုသည်။

လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်သည် မှားယွင်းနေသည်ကို မတွေ့သေးသောကြောင့် စနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရန် အချိန်မတန်သေးကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ထောက်ပြ ပြောဆိုသည်။
“ဒီစနစ် အတည်ဖြစ်လာရင် တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်ရေး ထိခိုက်နိုင်တယ်” ဟု ဦးဘရှိန်က ဆိုသည်။

ယင်းအဆို ကန့်ကွက်ခဲ့သည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးသည့် အချိန်တွင်လည်း ထပ်မံကန့်ကွက် ဆွေးနွေးရန်ရှိကြောင်း ပြောဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို တပ်မတော်သားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသဖြင့် အမျိုးသားလွှတ်တော်က ဇွန်လ ဒုတိယပတ်အတွင်း အတည်ပြုလိုက်ပြီး PR စနစ်ကို အကောင်အထည်ဖော်ရန် ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းထားသည်။

PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ပါတီအချို့ အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီတို့က ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment