Friday, July 25, 2014

ဆိုင်ကယ်နှင့် သုံးဘီးဆိုက်တွဲကို တိုက်ပြီး ထွက်ပြေးသော ခြောက်ဘီးကား ထနောင်းပင်ကို တိုက်ပြီး မီးလောင်

ဆိုင်ကယ်တစ်စီးနှင့် သုံးဘီးဆိုက်တွဲကို တိုက်မိရာမှ မောင်းနှင် ထွက်ပြေးသော ခြောက်ဘီးယာဉ် တစ်စီးမှာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့ အရောက်၌ ထနောင်းပင်ကို ဝင်တိုက်ကာ မြောင်းအတွင်း ထိုးကျပြီး မီးလောင်မှုတစ်ခု ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်း ၉ နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိများနှင့် မြင်တွေ့ခဲ့သူများက အတည်ပြု ပြောကြားသည်။
မုံရွာမြို့ ဆည်မြောင်းလမ်းနှင့် ပေ ၈၀ လမ်းမကြီးဆုံရာ အနီးတွင် အမျိုးသမီးငယ်တစ်ဦး စီးလာသော ဆိုင်ကယ်ကို ပွတ်တိုက်မိခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးစဉ် ကျောက္ကာလမ်းမပေါ်၌ သုံးဘီးဆိုက်တွဲယာဉ်ကို ထပ်မံဝင်တိုက်ခဲ့ပြီး ဆက်လက်မောင်းပြေးရာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့ အရောက်၌ ထနောင်းပင်ကို တိုက်ပြီး မြောင်းအတွင်း ထိုးကျကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကားက ခေါင်းပိုင်းကတော့ မီးလောင်သွားတယ်။ တိုက်မှုဖြစ်ပြီးတဲ့ အချိန်မှာ အနီးအနားက တက္ကသိုလ်ကျောင်းသားတွေက ထွက်ပြီး ကားသမားကို ဆွဲထုတ်နိုင်ခဲ့လို့ အသက်မသေတာ” ဟု စီးပွားရေးတက္ကသိုလ် အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးနှင့် ခြောက်ဘီးယာဉ်ကို မောင်းနှင်ခဲ့သူ အသက် (၃၀) နှစ်အရွယ် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ သုံးဘီးဆိုက်တွဲ မောင်းနှင်သူမှာ လည်းပင်းနှင့် ခါးတွင် ဒဏ်ရာများစွာ ရရှိခဲ့ခြင်းကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြပြီး၊ ခြောက်ဘီးယာဉ်ကို မောင်းနှင်ခဲ့သူကို ယာဉ် (ပ) ၄၉/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၂၈၅ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ရဲစခန်းထံမှ သိရသည်။


The Voice

No comments:

Post a Comment