Tuesday, July 22, 2014

အစ္စရေးထိုးစစ်တွင် ပါလက်စတိုင်းဘက်မှ သေဆုံးသူ (၅၀၀)ကျော်အထိ မြင့်တက်လာ

ဇူလိုင်(၂၁)ရက် ညပိုင်းထိ ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရှိရသည်။
အစ္စရေး လေတပ်သည် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ ပုန်းခိုရာ ပစ်မှတ်များကို သည်းသည်းမည်းမည်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သလို အစ္စရေး မြေပြင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပါလက်စတိုင်း ပိုင်နက်ထဲ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ဟားမားစ်တို့၏ တိုက်ရည်ခိုက်ရည်သည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း အစ္စရေးစစ်ဘက် အရာရှိများက ဝန်ခံထားပြီး အစ္စရေး စစ်သည်များလည်း အကျအဆုံး များလျှက်ရှိသည်။


ဂါဇာကို ဗုံးမိုးရွာနေသည့် အစ္စရေး၏ စစ်ဆင်ရေး (၂)ပတ်မျှ ကြာမြင့်လာသည့်နောက် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ပြီး အစ္စရေး-ဟားမားစ် ပဋိပက္ခများတွင် (၅)နှစ်တာ ကာလအတွင်း အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်လာသည်။ ဇူလိုင်(၂၁)ရက်၊ တစ်နေ့တည်းတွင်ပင် ပါလက်စတိုင်း (၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။

ဇူလိုင်(၈)ရက်က စတင်သော အစ္စရေး၏ ထိုးစစ်ကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၆၆)ဦးထက်မနည်း ရှိခဲ့ပြီး (၃၃၀၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ဆိုသည်။ အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်တိုင် ဟားမားစ်တို့ကလည်း ၎င်းတို့၏ ဒုံးကျည်ပစ်ခတ်မှုများကို မရပ်တန့်သေးဘဲ ဇူလိုင်(၂၁)ရက်နေ့တွင် အစ္စရေးဘက်သို့ ဒုံးကျည်အစင်းပေါင်း (၅၀)မျှ ဦးတည် ပစ်ခတ်ခဲ့သည်။

ဇူလိုင်(၂၁)ရက်တွင် ဟားမားစ်တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီး အစ္စရေးစစ်သည် (၇)ဦး ကျဆုံးခဲ့သည်။ ယခုအခါ အစ္စရေးဘက်မှ အသေအပျောက်သည် အရပ်သား (၂)ဦးအပါအဝင် (၂၇)ဦးထိ ရှိလာပြီ ဖြစ်သည်။ နိုင်ငံတကာက
အပစ်အခတ် ရပ်စဲရေးအတွက် အလေးအနက် တောင်းဆိုနေသော်လည်း နှစ်ဖက်အသေအပျောက် ပိုမိုတိုးပွားလာသလို တိုက်ခိုက်မှုများလည်း အရှိန်မြင့်နေဆဲ ဖြစ်သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အစ္စရေးသည်  ၎င်းတို့၏ ပိုင်နက်ဘက်သို့ ဟားမားစ်တို့၏ ဒုံးကျည်ပစ်ခတ်မှုများအတွက် မိမိကိုယ်ကိုယ် ကာကွယ်ရပ်တည်ခွင့် အပြည့်အဝရှိသည်ဟု ၎င်း၏ ယခင်သဘောထားကို ထပ်မံ အတည်ပြု ပြောကြားခဲ့သော်လည်း အစ္စရေး၏ ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်းဘက်တွင် ကြီးကြီးမားမား ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ကိုမူ ဝန်ခံပြောကြားခဲ့သည်။

အစ္စရေး ဂျက်တိုက်လေယာဉ်များသည် ဂါဇာရှိ မျှော်စင်များနှင့် အဆောက်အအုံ အမြင့်များကို အဓိက ပစ်မှတ်ထား ပစ်ခတ်ခဲ့ရာ မိသားစုလိုက် အပျက်အစီးများအောက် ပိတ်မိပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း ပါလက်စတိုင်း
အာဏာပိုင်များက စွပ်စွဲခဲ့သည်။ ဟားမားစ်တို့သည် အဆောက်အအုံမြင့်များပေါ် တက်ရောက်ကာ အစ္စရေးဘက်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်လေ့ရှိသည်။

ဂါဇာအလယ်ပိုင်း၊ ဒီရာအယ်လ်ဘာလားမြို့ရှိ အယ်လ်အက်ဆာ ဆေးရုံတွင်လည်း အစ္စရေးတင့်ကားများ ပစ်ခတ်လိုက်သည့် အမြောက်ကျည်ဆန်များ ကျရောက်ပေါက်ကွဲရာ အနည်းဆုံး (၄)ဦးသေဆုံးပြီး (၆၀)ကျော်
ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

_Ref: Huffingtonpost

No comments:

Post a Comment