Monday, July 7, 2014

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း မန္တလေးသို့ သွားရောက်သည့် ခရီးသည်ဦးရေ မလျော့ကျဟုဆို

မန္တလးမြို့တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄ ) ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားရောက်သည့် ခရီးသည်ဦးရေမှာ သိသာစွာ လျော့နည်းကျဆင်းသွားမှု မရှိဟု ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လိုင်းများက ဇူလိုင် ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
သို့သော် ယာဉ်ထွက်ခွာသည့် အချိန်များကိုမူ ပြောင်းလဲသတ်မှတ်ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူ များက ပြောသည်။
မန္တလေး-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲလျှက်ရှိသော မြတ်မန္တလောထွန်း အဝေးပြေးယာဉ်လိုင်း
ဥက္ကဋ္ဌဦးအေးဇင်က “ခရီးသည် သိသိသာသာလျော့သွားတာတော့ မရှိပါဘူး။ မန္တလေးမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့အတွက် ကားထွက်ချိန်တွေ ပြောင်းလိုက်ရတယ်။ အရင်က ည ၈ နာရီကနေ ၁၀ နာရီခွဲထိ နာရီဝက် တစ်ခါ အချိန်ခွဲထွက်ပေးခဲ့ပေးမယ့် အခုတော့ ည ၈ နာရီမှာ ကားတွေ အကုန်လုံး တစ်စုတစ်စည်းတည်း ထွက်တော့တယ်။ မန္တလေးမှာ လုံခြုံရေးတွေ နိုင်နိုင်နင်းနင်းချထားတဲ့ အတွက် ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး ”ဟု ဇူလိုင် ၆ ရက်တွင် မဇ်္ဈိမကို ပြောသည်။
ရန်ကုန်-မန္တလေးခရီးစဉ်တွင် ပြေးဆွဲလျက်ရှိသည့် JJ Express ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ မိုးရာသီဖြစ်လို့ ခရီးသည်လျော့နည်းသွားတော့ ရှိပါတယ်။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါ။ မန္တလေး ပဋိပက္ခကြောင့် ခရီးသည် လျော့နည်းသွားတာမျိုးတော့ မရှိပါဘူး။ ယာဉ်ထွက်ချိန်တွေ ပြောင်းလိုက်ရတာပဲ ရှိပါတယ် ” ဟု မဇ္ဈိမကို ပြောသည်။
ပြည်တွင်းခရီးသွား ကုမ္ပဏီဖြစ်တစ်ခုဖြစ်သော မိုးထက်အာကာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း “မိုးရာသီဆိုရင် နှစ်တိုင်းခရီးသည် လျော့နည်းနေကျပဲလေ၊ ပွင့်လင်းရာသီရောက်မှသာ ခရီးသွားတွေ များတာပါ။ မန္တလေးမှာ ပဋိပက္ခဖြစ်လို့ခရီးသည် ထူးထူးခြားခြားကြီး လျော့သွားတာ မရှိပါဘူး။ ဒါပေမဲ့ ခရီးသည်တွေဆီက ဖုန်းနံပါတ်တွေ တောင်းထားတာတော့ ရှိတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် အချိန်ပြောင်းတာပဲဖြစ်ဖြစ် ရက်ရွှေ့တာပဲဖြစ်ဖြစ် လုပ်လို့ရအောင်ပါ”ဟု မဇ္ဈိမကို ပြောသည်။
Asia Wing လေကြောင်းလိုင်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးလွင်မိုးက ယခုရက် ပိုင်းအတွင်း မန္တလေးမှ ရန်ကုန်သို့ သွားရောက်သည့် ခရီးသည်ဦးရေ မြင့်တက်လျက်ရှိသည်ဟု ဇူလိုင်လ ၆ ရက်တွင် မဇ်္ဈိမကို ပြောသည်။
“ ရန်ကုန်-မန္တလေးကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ မန္တလေး-ရန်ကုန်သွားတဲ့ ခရီးသည်က အရင်ကထက် ပိုများလာတယ်။ တစ်နေ့ကို ပုံမုန်ထက် အယောက် ၂၀ လောက်ပို တိုးလာတယ် ”ဟု ပြောသည်။
ရန်ကုန် ဘူတာကြီးမှ တာဝန်ကျ ၀န်ထမ်းတစ်ဦးကလည်း ယခုရက်အပိုင်းအတွင်း မန်္တလေးမြို့သို့သွားရောက်သည့် ရထားစီးခရီးသည် ဦးရေမှာ သိသာစွာလျော့ နည်းကျဆင်းသွားမှု မရှိကြောင်း ဇူလိုင်လ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
မန္တလေး ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဇူလိုင်လ ၃ ရက် ညနေပိုင်းမှစ၍ ည ၉ နာရီမှ မနက် ၅ နာရီ အထိ အကျုံးဝင်သော ညမထွက်ရအမိန့် (ပုဒ်မ၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

Mizzima

No comments:

Post a Comment