Tuesday, July 22, 2014

နျူကလီးယား လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်း၍ အဏုမြူစွမ်းအင် ဥပဒေကြမ်း ရေးဆွဲ

နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် နှစ်ခု လက်မှတ် ရေးထိုး ထားသော မြန်မာအစိုးရသည် အဏုမြူစွမ်းအင် ဥပဒေမူကြမ်း အသစ်တစ်ရပ် ရေးဆွဲနေပြီး ယင်းဥပဒေကြမ်းတွင် နျူကလီးယား လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်း ရေးဆွဲထားကြောင်း သိပွံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားသည်။

အဆိုပါ ဥပဒေကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက တာဝန်ယူ ရေးဆွဲနေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်၏ နျူကလီးယား ဓာတ်အားထုတ် (သုတေသန လုပ်ငန်းသုံး) စက်ရုံကို
တည်ထောင်ရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“နျူကလီးယားနဲ့ ပတ်သက်တဲ့ စက်ရုံတွေ တည်ဆောက်တဲ့အခါ ဓာတ်ရောင်ခြည် အန္တရာယ် ကာကွယ်ရေးနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ လိုပါတယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါ ရေးဆွဲနေသော ဥပဒေမူကြမ်းတွင် နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး၊ နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ် စောင့်ကြပ်ရေးဆိုင်ရာ လိုက်နာရမည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ရှင်းပြသည်။

ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုအဆင်ပြေစေရန် နျူကလီးယား ဓာတ်ပေါင်းဖိုများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကို နိုင်ငံတော်က စီမံချက်ချ ဆောင်ရွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က တိုက်တွန်း ပြောကြားသည်။

“အခြားနိုင်ငံတွေလို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိစေဖို့ သုတေသနသုံး စက်ရုံကို အကောင်အထည် ဖော်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း နျူကလီးယားနှင့် သက်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းပြီးပါက အစိုးရအနေနှင့် သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်လည်ပတ် သုံးစွဲနိုင်ရေးကို ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဋ္ဌာနထံမှ သိရသည်။

တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအတွင်း နျူကလီးယား စမ်းသပ် ထုတ်လုပ်ရေး အတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှုများ ရှိကြောင်း နိုင်ငံ တကာက စောင့်ကြည့် ဝေဖန်မှုများ ရှိခဲ့သော်လည်း နျူကလီးယား လက်နက် မပြန့်ပွားရေး သဘော တူစာချုပ် နှစ်ခုကို ၂၀၁၂ ခုနှစ်အတွင်း ပါဝင် ရေးထိုးထားသည်။


The Voice Weekly

No comments:

Post a Comment