Friday, July 25, 2014

လေကြောင်းကာကွယ်ရေး စနစ်ဖြင့် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ် တင်းမာမှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးစနစ် (Air Defence System) အသုံးပြုနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောကြား သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံမှု အတွက် နယ်ခြားလုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် နယ်စပ် နယ်နိမိတ်မျဉ်း တစ်လျှောက်တွင် တပ်မတော် (လေ)၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါင်းစပ်ပြီး လေကြောင်း ကာကွယ်ရေး စနစ်များကို ကြိုတင်စီမံ ဆောင်ရွက်ထား ရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

“နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးအတွက် တပ်မတော် (ကြည်း) နယ်မြေခံ တပ်များဖြင့် နိုင်ငံတော် ကာကွယ်ရေး ခံစစ်စခန်းများကို အဆင်ဆင့် ထားရှိထားပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ပြဿနာများ ဖြစ်ပွားလာပါက လုံခြုံရေးပိုင်းအရ အားနည်းမှုများ ရှိနေ ခဲ့သောကြောင့် နယ်စပ် လုံခြုံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးတာများ ကျိုးပေါက်ခဲ့သောကြောင့် ပြန်လည် တည်ဆောက်မည့် အစီအမံများအတွက် နယ်ခြားလုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများ အားလုံးတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်မည့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် နယ်စပ်ဒေသတွင် တရားမဝင် ဝင်ထွက်မှု မရှိစေရေးနှင့် လုံခြုံရေး မကျိုးပေါက်စေရန် အတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေပြီး နှစ်နိုင်ငံ နယ်စပ်အရေး ကိစ္စများကို နယ်ခြားကော်မတီ အစည်းအဝေးများ (အလံတင်ဆွေးနွေးပွဲ) များ ပြုလုပ်ပြီး ဖြေရှင်းလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment