Wednesday, July 23, 2014

မျက်ကန်း တစ္ဆေ ငြိမ်းချမ်းရေးမဖြစ်စေလို

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ယခုအခါမှာ အဓိကထားဆောင်ရွက်နေတာတွေကို မြင်တွေ့ရပါတယ်။နိုင်ငံတော်သမ္မတရဲ့ ဦးစားပေးဆောင်ရွက်မှုဟာလဲ ပြည်တွင်းစစ်ငြိမ်းချမ်းခြင်းဘဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုအဓိကထား ဦးစားပေးဆောင်ရွက်လာသည့်အတွက် တဘက်မှ နိုင်ငံတော်တိုးတက်ရေးအတွက် များစွာနောက်ကျမှုတွေရှိလာပါတယ်။တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များ၏ အခြေခံအချက်ကိုကြည့်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ အကျိုးအမြတ်ကို မကြည့်ဘဲ မိမိအဖွဲ့အစည်းလုပ်ပိုင်ခွင့်ရရှိရေး၊ နယ်မြေစည်းမျဉ်းများ သတ်မှတ်ရေး၊ ဖက်ဒရယ်တပ်မတော်၊ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး စသည်တို့ကိုသာအဓိကထားတောင်းဆိုလာကြတာကိုတွေ့ရှိရပါတယ်။
ခေါင်းစဉ်ကဒေသခံတိုင်းရင်းသားများလွတ်မြောက်ရေး သို့ပေမယ့်လည်း အခုအချိန်အထိဒေသခံတိုင်းရင်းသားတို့အတွက်ငြိမ်းချမ်းရေးကိုမဆောင်ရွက်နိုင်သေးပါဘူး။ယခု ကချင်ပြည်နယ်၊လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှစတင်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပါဝင်သည့် ထိပ်သီးညီလာခံကို ကျင်းပပြုလုပ်ရန် တိုင်းရင်းသားခေါင်းဆောင်များဦးဆောင်ကာ လိုင်ဇာသို့သွားရောက်နေကြပါပြီ။ လိုင်ဇာဆွေးနွေးပွဲအပြီး သြဂုတ်လ လဆန်းပိုင်းလောက်မှာလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်လို့သိရှိရပါတယ်။

 ဆွေးနွေးပွဲတွေသာ အကြိမ်ကြိမ်တွေ့ဆုံလာသော်လည်း ငြိမ်းချမ်းရေးလက်မှတ် မရေးထိုးနိုင်သေးတဲ့အတွက် ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု စစ်ဘေးဒဏ်ကြောင့် အမိတကွဲ၊အဖတကွဲ ဘဝကနေ ဘယ်တော့များမှ လွှတ်မြောက်ကြရမှာလဲ။
ယခုဇူလိုင် ၂၄ ရက်လိုင်ဇာမှာပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်သည့် ထိပ်သီးညီလာခံဟာ တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါတယ်။ ယခင်ဆွေးနွေးပွဲများရဲ့ ရလဒ်များကိုကြည့်မယ်ဆိုလျှင် ငြိမ်းချမ်းရေးလက်မှတ်မရေးထိုးနိုင်ခဲ့ကြပါဘူး။သဘောထားဆန္ဒမပါရှိဘူးဆိုပြီး အဖွဲ့အစည်းတချို့တက်ရောက်ခြင်း မရှိတာကိုလဲတွေ့ရှိရပါတယ်။တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ထိပ်သီးညီလာခံဆွေးနွေးပွဲတွေ အဘယ်ကြောင့် အောင်မြင်မှုရလဒ်ကိုမထုတ်ဖော်နိုင်တာလဲ။ ငြိမ်းချမ်းရေးလုပ်ဆောင်မှုကို အခွင့်ကောင်းယူပြီး နောက်ကွယ်မှာ တရားဥပဒေအပြင်ဘက်မှ စီးပွားရေးလုပ်ဆောင်နေကြတာကိုလဲတွေ့ရှိရတယ်။ “ ငြိမ်းချမ်းရေး မှ အငြင်းပွားမှု “ တွေဖြစ်ပေါ်လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ တကယ်ငြိမ်းချမ်းရေးကိုလိုလားတဲ့ ဆန္ဒ ပါရှိတဲ့ ငြိမ်းချမ်းရေးတခြုဖစ်မလာဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ စားပွဲဝိုင်းဟာ စီးပွားရေးအစုရှယ်ယာခွဲတဲ့ စားပွဲဝိုင်းဖြစ်လာတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်ပိုင်းတွေကလဲ မိမိဒေသအတွင်းရှိ မိမိအဖွဲ့အစည်းရဲ့လုပ်ပိုင်ခွင့်ရရှိရေး၊နယ်မြေဧရိယာ သတ်မှတ်ခြင်းတို့ကိုဘဲ ဦးစားပေးဆွေးနွေးလာကြတယ်။ယင်းအပေါ်အခြေခံပြီး ဖက်ဒရယ်တပ်မတော်၊ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဝေါဟာရ အပေါ်တောင်းဆိုမှုတွေရှိလာပြီး ငြိမ်းချမ်းရေးဟာ ဝေးသည်ထက်ဝေးကွာလာပါတယ်။ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိမှသာလျှင် ထာဝရငြိမ်းချမ်းရေးကိုရရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အဖွဲ့အစည်းတခု ရေရှည်ရပ်တည်နိုင်ရေးထက် စစ်ဘေးဒဏ်ခံစားနေရသော တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကိုဦးစားပေးဆွေးနွေးစေလိုပါတယ်။ ဒေသအတွင်း စစ်မှန်သောငြိမ်းချမ်းရေးရရှိမှသာလျှင် ဒေသခံတိုင်းရင်းသားများ၏ ပညာရေး နှင့် စီးပွားရေး တိုတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။
ထို့ကြောင့် ထိပ်သီးညီလာခံမှ ရရှိလာမည့် ဆွေးနွေးပွဲရလဒ်များဟာ စစ်ဘေးသင့်တိုင်းရင်းသားပြည်သူလူထုအတွက် မျက်ကန်း တစ္ဆေ ငြိမ်းချမ်းရေးမဖြစ်စေလိုကြောင်းနှင့် စစ်မှန်သောထာဝရငြိမ်းချမ်းရေး အိမ်အပြန်လမ်းခရီး ဖြစ်စေလိုကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။
ညီညီ(မြစ်ကြီးနား)
facebook.com/newstunwin

No comments:

Post a Comment