Monday, July 28, 2014

မန်မာလုပ်သားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် အဆမတန်နည်းပါး

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင် အာရှ ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက အဆမတန် နည်းပါးနေကြောင်း ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ’ တွင် အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာမင်းညိုက ဆိုသည်။

“မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လစာက အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် အဆမတန်ကို နည်းပါးနေပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်ရုံတွေကို လိုက်ပြီးလေ့လာတဲ့အခါမှာ အလုပ်သမားတွေရဲ့ လစာဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်သူ အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမင်းညိုက ဆိုသည်။

“မြန်မာပြည်ရဲ့ အနိမ့်ဆုံး လုပ်ခလစာက နိုင်ငံသေးသေးလေးပဲရှိတဲ့ လာအိုထက်တောင် နိမ့်နေပါတယ်။ ဥပမာဆိုရင် ဒီမှာ တစ်နေ့ကို သုံးဒေါ်လာတောင် မရသေးဘူး။ အခုလောက်ဆို လာအိုမှာဆို လေးဒေါ်လာလောက် ရနေပြီ။ ကမ္ဘောဒီးယားဆိုရင် လူပေါင်းသောင်းချီပြီး အသတ်ခံထားရတာ။ အဲဒါတောင် ငါးဒေါ်လာလောက် ရနေပါပြီ။ အရှေ့တောင်အာရှမှာ ကျွန်တော်တို့ထက်နိမ့်တာ ဘယ်သူမှ မရှိတော့ဘူး” ဟု နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်သူ အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမင်းညိုက ဆိုသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာသည် တစ်လလျှင် ကျပ်နှစ်သောင်းခွဲ ၀န်းကျင်သာရှိပြီး လက်ရှိတွင်လည်း စက်ရုံအလုပ်ရုံများ၌ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။ အလုပ်သမား အဖွဲ့အစည်းများကမူ တစ်နေ့ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၇၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားတစ်ဦး၏ တစ်နေ့အနိမ့်ဆုံး လုပ်ခလစာကို ဘတ် ၃၀၀ ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုင်းအစိုးရက သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံတွင်မူ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရန်အတွက် အလုပ်သမား ၀န်ကြီးဌာနမှ ဆောင်ရွက်နေဆဲသာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာမကုန်မီ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးမည်ဟု ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

Eleven

No comments:

Post a Comment