Friday, July 25, 2014

အိမ်ဖော်ကလေးငယ်ကို ညှဉ်းပမ်းနှိပ်စက်မှုဖြင့် စွပ်စွဲခံရသူ လင်မယား တိမ်းရှောင်နေ

အသက် ၁၄နှစ်အရွယ် အိမ်ဖော် ကရင်တိုင်းရင်းသူတစ်ယောက်ကို ပိတ်လှောင်ထားပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့အမှုနဲ့ ကိုယ့်မင်းကိုယ်ချင်းလမ်းထဲက အိမ်ရှင်လင်မယား ထွက်ပြေးတိမ်းရှောင်နေ တယ်လို့ ဗဟန်းရဲစခန်းက ဇူလိုင် ၂၄မှာ အတည်ပြုလိုက်ပါတယ်။ ကလေးငယ်ရဲ့လက်ကို ဆီပူအိုးထဲထည့်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဘာ့ကြောင့်နှိပ်စက်ခဲ့တာလဲ။

ပုသိမ်ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင်ရဲ့ သမီး ဒေါ်သီရိကိုကိုနိုင်နဲ့ ခင်ပွန်း ဦးကြည်လှမြင့်တို့ဟာ ထက်ထက်လို့ခေါ်တဲ့ နော်ဆဲအယ်လ်ဝါးကို ပုသိမ်ကနေ ရန်ကုန်နေအိမ်မှာ အိမ်အကူလုပ်ဖို့ ၂ဝ၁၃ နိုဝင်ဘာမှာ တစ်လ ၂သောင်းခွဲနဲ့ ခိုင်းစေခဲ့ရာက ညှဉ်းပမ်းနှိက်စက်မှုတွေ စတင်ခဲ့တယ်လို့ ကာယကံရှင် ကလေးငယ်က ပြောပြပါတယ်။

သွေးထွက်သံယိုဖြစ်အောင် နှိပ်စက်ပြီး ဆေးမကုသပေးဘဲ နေလေ့ရှိပြီးနောက်ဆုံး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ဗလပွဖြစ်လာမှ မတ်လကုန်ခါနီးမှာ ဒေါ်သီရိကိုကိုနိုင်ရဲ့ ဖခင်ရှိတဲ့ ပုသိမ်မှာ ဦးကိုကိုနိုင်ရဲ့နာမည်သုံးပြီး ကုသခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မှာ ဆေးကုနေချိန် မိခင် နော်မိချိုကိုလည်း အသိပေးအကြောင်းကြားတာ မရှိဘဲ လျှို့ဝှက်ပြီး ကုသနေရာက မတ်လ ၂၉ရက်မှာ ဆရာတော် ဦးပညာဒီပနဲ့ ခရစ်ယာန်ပရဟိတအဖွဲ့ဖြစ်တဲ့ Culture Impact Studies Club နဲ့ ဆက်သွယ်မိခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီ မြို့ပြကျေးလက် သာသနာအဖွဲ့က ရန်ကုန်မြို့မှာ ဒီကလေးကို တာဝန်ယူစောင့်ရှောက်ထားပါတယ်။

ပုသိမ် အမှတ် ၂ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် ဗဟန်းမြို့နယ်ကို ပြန်လွှဲခဲ့တဲ့အကြောင်း၊ လက်ရှိမှာ ငွေကြေးအကျပ်အတည်းဖြစ်နေလို့ ကုသမှုကို ကောင်းကောင်းမွန်မွန်မလုပ်နိုင်တာကြောင့် ကလေးငယ်ဟာ စိတ်ရောကိုယ်ပါ ထိခိုက်မှုဖြစ်နေတယ်လို့ ဆရာတော်က ဆိုပါတယ်။

ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် ၃ဝမှာနေထိုင်တဲ့ ဦးကြည်လှမြင့်နဲ့ ဒေါ်သီရိကိုကိုနိုင်တို့နှစ်ယောက်လုံး တိမ်းရှောင်နေတယ်လို့ပြောပြီး ဇူလိုင် ၉ရက်နေ့မှာ ဗဟန်းတရားရုံးကို စွဲချက်တင်ထားတယ်လို့ ဗဟန်းရဲစခန်းက အမှုစစ်အရာရှိက ရဲအုပ်ထူးမွှေးက ကမာရွတ်မီဒီယာကို အတည်ပြုပြောဆိုခဲ့ပါတယ်။

Kayamut Media

No comments:

Post a Comment