Friday, July 25, 2014

ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းမိသားစုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ဆောင်ရွက်မည်

ကချင်ပြည်နယ်တွင် စစ်မက်ပဋိပက္ခဖြစ်ပွားခြင်းကြောင့် စစ်ဘေး ဒဏ်သင့်နေရပ်ရွှေ့ပြောင်းလာသူ မိသားစုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေ ရရှိရေးကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ သိရသည်။

ကချင်ပြည်နယ်ရှိ ယာယီရွှေ့ပြောင်းစခန်းများတွင် ရွှေ့ပြောင်းမိသားစု ၁၉၇ စုရှိပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်အညီ ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရေး အတွက် စက်ချုပ်ပညာနှင့် လက်သမား အတတ်ပညာ စသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

"အိုင်စီအာစီအနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ Camp တွေမှာနေနေတဲ့ မိသားစုတွေ ကိုယ့်ရဲ့လုပ်အားခလေးနဲ့ တစ်ဖက်တစ်လမ်းက ၀င်ငွေရနိုင်အောင် အခုလိုမျိုးစီစဉ်ပေးရခြင်းဖြစ်ပါတယ်" ဟု ကိုယ်စားလှယ် အဖွဲ့ရုံးတာဝန်ခံ ဦးမိုးမြင့်အောင်က ပြောကြားသည်။

ထို့အပြင် လက်မှုအတတ်ပညာတစ်ခုအဖြစ် ပယင်းကျောက်သွေးခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းတို့ဖြင့် ကိုယ်ပိုင်ဝင်ငွေရရှိနိုင်အောင်လည်း စီစဉ်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ICRC အနေဖြင့် မြန်မာနိုင်ငံကို ၁၉၈၆ မှစတင်ရောက်ရှိခဲ့ကာ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ မြောက်ဦး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဘားအံမြို့နယ်တို့တွင် ရုံးခွဲစုစုပေါင်းခြောက်ခုဖွင့်လှစ်ထားပြီး ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို သက်ဆိုင်ရာခွင့်ပြုချက်များအတိုင်း ကူညီထောက် ပံ့လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment