Thursday, July 31, 2014

ဂါဇာရှိ စာသင်ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကို စုံစမ်းမည်ဟု အစ္စရေးကြေညာ

ဂါဇာရှိ ကျောင်းတစ်ကျောင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွက်စုံစမ်းသွားမည်ဖြစ်ပြီး မိမိတို့မှားယွင်းပစ်ခတ် ခဲ့ကြောင်း သေချာ ပါက တောင်းပန်သွားမည်ဟု အစ္စရေးက ကြေညာခဲ့သည်။ဟားမားစ် ပြောက်ကျားများနှင့် အစ္စရေးတို့ကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်ပြေးဒုက္ခသည် ယာယီစခန်း တစ်ခုအဖြစ် အသုံးပြုထားသည့် ကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်ကြီး ပစ်ခတ်မှုသည် အစ္စရေးတို့၏ လက်ချက်ဟု ပါလက်စတိုင်းတို့က စွပ်စွဲထားသည်။“ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းပါမယ်။ အစ္စရေးမှာ မူဝါဒတစ်ခု ရှိပြီးသားပါ။ အရပ်သားတွေကို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူး”ဟု အစ္စရေး အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က BBCသို့ ပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့က လူ(၁၆)ဦးထက်မနည်း သေဆုံးစေခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချထားသည်။ အစ္စရေးက မိမိတို့၏ စစ်တပ်သည် ဂျာဘာလီယာရှိ စာသင်ကျောင်း အနီးတဝိုက်မှ မော်တာ ပစ်ခတ်မှုများကို တုံ့ပြန်ခဲ့ကြောင်း အတည်ပြုထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဆိုပါ တိုက်ခိုက်မှုသည် အစ္စရေး၏ လက်ချက်သာဖြစ်ကြောင်း အခိုင်အမာ စွပ်စွဲထားသည်။ “ဒါဟာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေမျိုးပါ။ တွေ့မြင်ရသမျှ သက်သေ အထောက်အထားတွေကတော့ အစ္စရေး လက်နက်ကြီးတွေကြောင့် အခုလို ဖြစ်ခဲ့တယ်လို့ ညွှန်ပြနေပါတယ်”ဟု ဘန်က ဆိုသည်။ဇူလိုင်(၃၀)ရက် တစ်နေ့တည်းတွင်ပင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများအတွင်း ပါလက်စတိုင်း (၁၀၀)ကျော် သေဆုံးခဲ့သည်။ ဇူလိုင်(၈)ရက်က စတင်ခဲ့သော အစ္စရေး-ဟားမားစ် စစ်ပွဲတွင် ယခုအခါ ပါလက်စတိုင်းဘက်မှ အသေအပျောက် (၁၃၆၀)ထိ ရှိလာပြီး အများစုမှာ အရပ်သားများ ဖြစ်ကြသည်။အစ္စရေးဘက်တွင်မူ စစ်သည်(၅၈)ယောက် ကျဆုံးပြီး အရပ်သား(၂)ဦးနှင့် ထိုင်းနိုင်ငံမှ အစ္စရေးသို့ လာရောက် အလုပ်လုပ်နေသူ တစ်ဦးတို့ သေဆုံးခဲ့သည်။

Ref: BBC

No comments:

Post a Comment