Wednesday, July 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့နယ်သုံးခုတိုးပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးလုပ်သင့်ဟု တပ်မတော်သားအမတ် ဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် မိုင် ၈၀ ရှည်လျားသည့်အတွက် မြို့နယ် သုံးခုအဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်လျှင် အုပ်ချုပ်ရေးမှာ ယခုထက် ပိုမိုကောင်းမွန်လာပြီး လုံခြုံရေးကို အနီးကပ် အမြန်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇ၀နက မဇ္ဈိမကို ပြောသည်။

မိုင် ၈၀ ရှည်လျားသည့် နယ်စပ်ဒေသကို မောင်တောမြို့နယ် တစ်ခုတည်းကပဲ အုပ်ချုပ်သည့်အတွက် တောင်မြောက်အလွန် ရှည်လျားသောကြောင့် ဆက်သွယ်ရေး ကြန့်ကြာပြီး အုပ်ချုပ်ရေးမှာလည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ရသည်ဟု ၎င်းက အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်တွင် ဆွေးနွေးသည်။

“တစ်ခုတည်းကနေသွားတော့ ချက်ချင်းမရောက်နိုင်ဘူး။ နောက်ဒေသလုံခြုံမှုလည်း မရှိဘူး။ မြို့နယ်တွေ တိုးချဲ့လိုက်ရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ရုံးဆိုက်လာမယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ဆက်သွယ်ရမြန်သလို ချက်ချင်းသွားပြီး ဆောင်ရွက်နိုင်တယ်”ဟု ဗိုလ်မှူးဇ၀နက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများ နေပျော်လာအောင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အခြေအနေအရပ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုဆွေးနွေးရာတွင် မောင်တောမြို့နယ်၊ တောင်ပြိုမြို့နယ်၊ အင်းဒင်မြို့နယ်အဖြစ် သုံးခုသာ တိုးချဲ့နိုင်မည်ဆိုလျှင် မြို့နယ် အဆင့်ရုံးများ ဆိုက်ရောက်လာမည်ဟု ဆွေးနွေးသည်။

“ဘယ်လောက်ပင် ကောင်းအောင် ပြုပြင်ပေးနေပေးနေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းနေကောင်းနေ အဓိကတော့ ဒေသတည်ငြိမ်ရေးပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမှာဖြစ်တယ်”ဟု ဗိုလ်မှူးဇ၀နက ဆွေးနွေးသည်။

လက်ရှိအချိန်တွင် မောင်တောနယ်စပ် ၌ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများကို အပြီးဆောင်ရွက်နိုင်ရန် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ အဆိုပါ ခြံစည်းရိုး တည်ဆောက်နေချိန်တွင် စစ်မြေပြင် တပ်ရင်းမှ တပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။

တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံတွင် ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် ဆွေးနွေးခဲ့ကြသည်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ကောင်းပါတယ်။ ဒီကိစ္စက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်”ဟု မှတ်ချက်ပြုပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနရှိ အဆင်မြင့် အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများသည် ပထမဆုံးအကြိမ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကို ယခုထက်ပိုမိုဆောင်ရွက်ပြီး တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းကာ သဘောတူညီချက်များလည်း ထုတ်ပြန်နိုင်ခဲ့သည်။

Mizzima

No comments:

Post a Comment