Wednesday, July 2, 2014

ငြိမ်းချမ်းရေးကို နိုင်ငံရေးဇာတ် သွင်းလာနိုင်တဲ့ အန္တရာယ်

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ် အမှတ်(၁) အမတ် ဦးခက်ထိန်နန်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခု တင်ပါတယ်။ အဆိုအပြည့်အစုံကတော့ “ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသူများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် သွားနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်တွင်း ဆွေးနွေးဖို့ လက်ခံလိုက်ပြီလည်း ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ငြိမ်းချမ်းရေးအကောင်အထည်ဖော်နေမှု နောက်ဆုံးအခြေအနေကို ပြောရရင် လာမယ့် ဇူလိုင် တတိယပတ်လောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။ အဲဒီတွေ့ဆုံပွဲပြီးမှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုဖွဲ့ထားတဲ့ NCCT နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကိစ္စ တွေ့ဆုံဆွေးနွေးနိုင်ပါလိမ့်မယ်။ ဘယ်နေ့ဘယ်ရက်၊ ဘယ်နေရာ တွေ့ဆုံနိုင်မယ် မသိနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နဂိုက တပ်မတော်ဘက်က ရည်မှန်းထားတဲ့ သြဂုတ်လမတိုင်ခင် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေး ထိုးနိုင်ရေး မျှော်လင့်ချက်ကတော့ မဖြစ်နိုင်တော့ပါဘူး။ ငြိမ်းချမ်းရေးကိစ္စ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကတော့ အပစ်ရပ်စာချုပ်ကို အခုနှစ်အတွင်း ချုပ်ဆိုနိုင်လိမ့်မယ်လို့ ပြင်ဆင်ပြောဆိုလာပါပြီ။ သမ္မတဦးသိန်းစိန် လက်ထက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အစပြုသွားနိုင်အောင် ကြိုးစားမယ်လို့လည်း မီဒီယာတွေကို ပြောပါတယ်။ ဒါက နောက်ဆုံးအခြေအနေပါ။

ခြုံပြီးပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နဂိုအစိုးရဘက်က မျှော်မှန်းထားတာထက် ပိုပြီးကြာနေတယ်ဆိုတဲ့ ကိစ္စပါ။ ပထမအဆင့်ဖြစ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကုန်ပိုင်းလောက် ကတည်းက မျှော်မှန်းလာခဲ့တာပါ။ နောက်တော့ ၂၀၁၄ ဧပြီ၊ နောက်တော့ ၂၀၁၄ သြဂုတ်၊ အခုတော့ ၂၀၁၄ အတွင်း ဖြစ်ရပြန်ပါပြီ။ ခုလိုဖြစ်ရတာကို လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေထဲက အပစ်ရပ်မထားတဲ့၊ အပစ်ရပ်စာချုပ် လက်မှတ်မထိုးချင်တဲ့၊ နိုင်ငံရေးဆွေးနွေးပွဲကိုပဲ အရင်စချင်တယ်ဆိုတဲ့ ကေအိုင်အိုနဲ့ အဖွဲ့တချို့ရဲ့ သဘောထား ရပ်တည်ချက်ကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စ သိမြင်လာတဲ့ ၀န်ကြီး ဦးအောင်မင်းနဲ့ MPC အဖွဲ့ဟာ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို သွားပြီး ကေအိုင်အို၊ ကေအိုင်အေ ထိပ်ပိုင်းခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှင်းပြဖို့ တွေ့ဆုံခွင့်တောင်းပါတယ်။ ဒါပေမဲ့ ကေအိုင်အိုဘက်က ဒီနေ့အချိန်ထိ လက်ခံတာမျိုး မရှိသေးပါဘူး။ ကြားထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေတိုက်ပွဲတွေ ပြန်ဖြစ်လာတာကလည်း ကေအိုင်အိုဘက်က လက်မခံနိုင်တဲ့အကြောင်းပြချက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ ခုလို အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေ မြန်မြန်စချင်တဲ့ ကေအင်န်ယူနဲ့ အဖွဲ့တချို့ရှိသလို ကေအိုင်အိုလို အစိုးရနဲ့ စစ်တပ်အပေါ် အယုံအကြည်မရှိ၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ဆန္ဒမရှိတဲ့ အဖွဲ့တချို့သဘောထား မတူညီမှုကြောင့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကြာနေတာပါ။ ငြိမ်းချမ်းရေးကို ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ၀န်ကြီး ဦးအောင်မင်းတို့ဘက်ကလည်း တိုင်းရင်းသားတွေကို သွေးခွဲတာမျိုး မလုပ်ဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်သူ့ကိုမှ ချန်ထားတာမျိုး မလုပ်ဘူး၊ အားလုံးနဲ့ သဘောတူညီချက်ရအောင် ကြိုးစားမယ်ဆိုတဲ့ သဘောထားကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် အရွေ့နှေးနေရတာ ဖြစ်နိုင်ပါတယ်။

ကြားထဲမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ်လက်မှတ်ထိုးနိုင်ရင်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ စနိုင်ရင် ဦးသိန်းစိန် အစိုးရ နာမည်ကောင်းရလိမ့်မယ်၊ နိုင်ငံတကာ ရဲ့ ချီးကျူးထောမနာ ပြုမှုခံရမယ်ဆိုတာမျိုး လက်မခံနိုင်တဲ့ အင်အားစုတွေကလည်း ရှိနေပါတယ်။ အဲဒီအင်အားစုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို နိုင်ငံရေးဖြစ်စဉ်ထဲ ဆွဲသွင်းဖို့ ကြိုးစားတာမျိုးလည်း ရှိလာနေပါတယ်။ ဒီလို သဘောထားရှိသူတွေ လွှတ်တော်ထဲမှာရော၊ အတိုက်အခံနိုင်ငံရေး အင်အားစုထဲမှာရော၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာပါ ရှိနေပါတယ်။ တချို့ အသုံးချခံ မီဒီယာထဲမှာတောင် ဒီသဘောထားတွေ့ရပါတယ်။ ဒါဟာ တိုင်းရင်းသားတွေ၊ ပြည်သူတွေအတွက် အကျိုးမရှိပါဘူး၊ ကောင်းလည်း မကောင်းပါဘူး။

ဒီအတွက် တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ် မချုပ်နိုင်သေးခင် စပ်ကြား လက်ရှိ အပစ်ရပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဘ၀ဟာ အရင် မတည်မငြိမ်အခြေအနေတုန်းကထက် ပိုပြီး ထူးခြားကောင်းမွန်လာတယ်ဆိုတာကို ထင်ရှားအောင် သက်သေပြဖို့ လိုလာပါတယ်။

ငြိမ်းချမ်းရေးဆိုတာ တကယ့်လက်တွေ့မှာ ပိုကောင်းတယ်ဆိုတာကို သက်သေပြဖို့လိုပါတယ်။ ဒီလို သက်သေပြနိုင်အောင် MPC ငြိမ်းချမ်းရေးစင်တာက လုပ်လို့တော့ မရပါဘူး။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ လူမှုဘ၀ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စအ၀၀ကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အစိုးရတပ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အင်န်ဂျီအိုအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ကိုယ်တိုင် ၀ိုင်းဝန်းကြိုးစား အကောင်အထည် ဖော်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား၊ ပြည်သူတွေအတွက် ချက်ချင်းလက်ငင်းကို အကျိုးရှိစေတယ်၊ နောင်အနာဂတ် ဒီထက်ပိုပြီး အကျိုးရှိစေလိမ့်မယ်ဆိုတာမျိုး သက်သေမပြနိုင်ရင် ကိုယ်ကျိုးအတွက် နိုင်ငံရေးကစားနေသူတွေနဲ့ စစ်ဘုရင်တချို့ရဲ့ ၀ါဒဖြန့်မှိုင်းအောက်မှာ ငြိမ်းချမ်းရေးနဲ့ ပိုဝေးသွားစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ဘက်က ခုလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံအားပေးလာတာကတော့ ကြိုဆိုရမယ့်ကိစ္စပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima

No comments:

Post a Comment