Friday, July 25, 2014

အထက်လူကြီးနှင့်အဆင်ပြေသူများသာ ရာထူးတိုး၍ နေရာကောင်းရနေဟု လွှတ်တော်အမတ် ဝေဖန်ပြော

အစိုးရရုံးဌာနများတွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိ အထက်လူကြီးများနှင့် ရင်းနှီးအဆင်ပြေသော ၀န်ထမ်းများသာလျှင် ရာထူးတိုးပြီးနေရာ၊ ဌာနများကို အဆင်ပြေစွာ ပြောင်းရွှေ့နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ချင်းပြည်နယ်၊ ထန်တလန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက ဇူလိုင် ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ချင်းပြည်နယ်အပါအ၀င် အခြားပြည်နယ်ဒေသများတွင် ၀န်ထမ်းများခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ တင်ဒါခေါ်ယူခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထက်လူကြီးနှင့် အဆင်ပြေသည့်သူများ သာလျှင် အလုပ်အကိုင်အဆင်ပြေကြောင်း သိရတယ်”ဟု ဒေါ်ဇာတလဲမ်းက လွှတ်တော်၌ ပြောသည်။

သို့ရာတွင် ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌက ပြန်လည်တုံ့ပြန်ရာတွင်မူ “နှစ်ဖက်ဌာနအဖွဲ့အစည်းတို့၏ အပြန်အလှန် သဘောတူညီမှု၊ နေရာလစ်လပ်မှုရှိ၊ မရှိကာယကံရှင်၏ ဆန္ဒပြုလျှောက်လွှာ ကိုယ်ရေးရာဇ၀င်၊ ပြစ်မှုကင်းရှင်းမှု ရှိ၊ မရှိ စသည့်အချက်အလက်တို့ကို ပြည်စုံ စွာဖော်ပြလျက် ပြည်ထောင်စုရာထူးဝန်ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ပေးလျက် ရှိပါတယ်”ဟု ဖြေကြားခဲ့သည်။

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသော်လည်း အလုပ်အကိုင်မရရှိခဲ့သော လူငယ်များသည် အသက်ကြီးလာသည်နှင့်အမျှ အလုပ်အကိုင် ရှားပါးခက်ခဲလာခြင်းကြောင့် အစိုးရရုံးများ၏ ၀န်ထမ်းခေါ်ယူမှု အသက်ကန့်သတ်ချက် ပြင်ဆင်ပေးနိုင်မှုကို မေးခွန်းထုတ်ခဲ့သော်လည်း ပြည်ထောင်စုရာထူးဝန်က ၁၅ နှစ်မျှသာ တာဝန်ပေးပြီး နောက်သက်ပြည့် ပင်စင်ပေးရမည့် အနေအထား ဖြစ်နေသည်ဟု ဆိုသည်။

Mizzima

No comments:

Post a Comment