Tuesday, July 15, 2014

သမီးဖြစ်သူကို မဖွယ်မရာပြုလုပ်ရန် ကြံစည်သူကို အရက်တိုက်ပြီး ရိုက်သတ်ဟုဆို

သမီးဖြစ်သူကို မဖွယ်မရာလုပ်ရန် ကြံစည်ဖူးသည်ကို အငြှိုးထားကာ အရက်မူးအောင်တိုက်ပြီး ရိုက်သတ်ခဲ့သည်ဆိုသည့် လူသတ်မှုတစ်ခု မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်တာက ပြောကြားသည်။

မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု ဆင်ကျုံးတံတားအောက်တွင် ဇူလိုင်လ ၁၁ ရက်နေ့
နံနက်ပိုင်းက လူသေအလောင်းတစ်လောင်း တွေ့ရှိသဖြင့် မြန်အောင်မြို့မရဲတပ်ဖွဲ့စခန်းက စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက် ကျောင်းတိုက်လမ်းတွင် နေထိုင်သူ ထူးမြတ် (ခ) အကြီးလေး (၃၁ နှစ်) ဖြစ်ပြီး ဦးခေါင်းနောက်စေ့ဒဏ်ရာ နှစ်ချက်၊ ဦးခေါင်းခွံရိုးကျိုး၊ ဘယ်ဘက်မျက်ခွံရိုးကျိုး ဒဏ်ရာများ တွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသော အမှတ် (၄) ရပ်ကွက်၊ ရန်နိုင်အေး ၃ လမ်းတွင် နေထိုင်သည့် လှစိုး (ခ) ညီညီကို စစ်ဆေးလျက်ရှိကြောင်း ဒုရဲမှူး မောင်မောင်တာက ပြောကြားသည်။

သေဆုံးသူမှာ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော လှစိုး၏အိမ်တွင် အရက်အတူ သောက်ဖူးကြောင်း၊ အရက်ကုန်သွားသဖြင့် လှစိုးက အရက်ထွက်ဝယ်စဉ် သေဆုံးသူ ထူးမြတ်က လှစိုး၏သမီးကို မဖွယ်မရာလုပ်ရန် ကြံစည်ဖူးသောကြောင့် အငြှိုးထားကာ အရက်မူးအောင်တိုက်ပြီး သံတုတ်ဖြင့်ရိုက်ကာ ချောင်းထဲသို့ ပစ်ချပြီး သံတုတ်ကို လွှင့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု လှစိုးက ထွက်ဆိုထားကြောင်း မှုခင်းစစ်ဆေးချက်များအရ သိရသည်။

ပြစ်မှုကျူးလွန်သူ လှစိုး (ခ) ညီညီကို ပ ၆၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်ရန် စစ်ဆေးလျက်ရှိကြောင်း ဒုရဲမှူး မောင်မောင်တာက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment