Thursday, July 3, 2014

စည်းကမ်းမဲ့ယာဉ်များကို ယာဉ်မောင်းလိုင်စင်ပိတ်သည်အထိ အရေးယူတော့မည်

ရန်ကုန်တိုင်းအတွင်းရှိ စည်းကမ်းမဲ့ယာဉ်မောင်းများကို ဒဏ်ငွေကျပ် ၁,၅၀၀ အစားယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်၂ ရက်ကအမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ကျူးလွန်သည့် ပြစ်မှုအကြိမ်အရေအတွက်အလိုက် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်သည်။

ယခင်က စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ ယာဉ်စည်းကမ်းတရားရုံးတွင် ဒဏ်ငွေကျပ် ၁,၅၀၀ဖြင့် အရေးယူခဲ့သည့်အတွက် ထိုငွေဒဏ်သည် ထိရောက်မှုမရှိသဖြင့် ယခုအခါတွင် ၎င်းဒဏ်ငွေအပြင် ပြစ်မှုအမျိုးအစားအလိုက် ကျူးလွန်သည့်အကြိမ်ပေါ်မူတည်ပြီးယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခြင်းကို အနည်းဆုံးတစ်လမှ အများဆုံးလေးနှစ်အထိ အရေးယူဆောင်ရွက်ွားမည်ဖြစ်သည်။

ထိုသို့ အရေးယူဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့် အခြားယာဉ်များအားလုံးကို အဆိုပါစနစ်အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဦးလင်းထွဋ်က“အမြန်ဆုံးဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

အဆိုပါ မော်တော်ယာဉ်နည်းဥပဒေတွင် ပါဝင်သည့် ပြစ်မှုအမျိုးအစားများအရ ပထမအကြိမ် ပြစ်မှုကျူးလွန်လျှင် ယာဉ်မောင်းလိုင်စင် ခြောက်လပိတ်သိမ်းခြင်း၊ ဒုတိယအကြိမ်တွင် တစ်နှစ်၊ တတိယအကြိမ် နှစ်နှစ်နှင့် စတုတ္ထအကြိမ် လေးနှစ်အထိ အရေးယူသွားမည်ဖြစ်သည်။

ထို့ပြင်ယာဉ်၏ ဘေး၊ နောက်တွင် ခရီးသည် စီးနင်းသည်ကို မတားမြစ်လျှင်၊ ယာဉ်ရပ်ထားစဉ် တံခါးပိတ်ထားလျှင်စသည့် ပြစ်မှုများ အပါအ၀င် သတ်မှတ်အကြိမ်အရေအတွက်ထက် ပိုမိုကျူးလွန်ပါက လိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်သည်။ 

အသက် ၅၀ ခန့် အငှားယာဉ်မောင်း ဦးဉဏ်ထွန်းက “ယာဉ်မောင်းတွေ စည်းကမ်းရှိသွားမယ်။ ယာဉ်မောင်းတွေက ဒဏ်ငွေကျပ် ၁,၅၀၀ကို မမှုဘူး။ လိုင်းကားတွေက ပိုဆိုးတယ်။ တိတိကျကျလုပ်သွားရင် စည်းကမ်းရှိသွားမယ်” ဟု ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ယာဉ်ထိန်းရဲ၊ ကညန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မထသ၊ စည်ပင်ရဲ၊ စည်ပင်လမ်းတံတားတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုးဖွဲ့က ဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်။


Mizzima

No comments:

Post a Comment