Wednesday, July 2, 2014

မြန်မာပြည်ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲအဖြစ် စောငမန်းနှင့် ထွန်းထွန်းမင်း ထိုးသတ်မည်

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာပြည်ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲအဖြစ် မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်းနှင့် ထွန်းထွန်းမင်းတို့ ရန်ကုန်မြို့တွင် ထိုးသတ်မည်ဟု ပွဲစီစဉ်သူ ကိုဒဿက မဇ်္ဈိမသို့ ပြောသည်။

လက်ရှိ မြန်မာပြည်အလွတ်တန်း ချန်ပီယံ စောငမန်းအနေဖြင့် ထွန်းထွန်းမင်းနှင့် ပွဲအတွက် ထိုးသတ်ကြေး ကျပ်သိန်း ၅၀ ထိရရှိမည်ဖြစ်ပြီး ထွန်းထွန်းမင်းမှာ ထိုးသတ်ကြေး ကျပ်သိန်း ၄၀ ရမည်ဖြစ်သည်။

ပွဲစီစဉ်သူကိုဒဿက “စောငမန်းနဲ့ ထွန်းထွန်းမင်းတို့ဖို့ စာချုပ်,ချုပ်ပြီးသွားပါပြီ။ လောလောဆယ် တွဲဆိုင်းလေး ဆိုင်းတွဲပြီးသွားပါပြီ။ ဒီလေးဆိုင်းက စောငမန်းနဲ့ ထွန်းထွန်းမင်း၊ ဖိုးကေနဲ့ ရန်ကြီးအောင်၊ ဖိုက်ကေနဲ့ စောဇော်မင်း၊ မိုးမခနဲ့ စောသဲမင်းတို့ပါ။ အကောင်းဆုံးပွဲဖြစ်မယ့် မြန်မာပြည် ချန်ပီယံလုမယ့် စိန်ခေါ်ပွဲမျိုး ဖြစ်ချင်တာပါ။ တွဲဆိုင်း ခုနစ်ဆိုင်း ရှစ်ဆိုင်းလောက် ကောင်းကောင်းလေးလုပ်ဖို့ စီစဉ်ထားပါတယ်။ လေးဆိုင်းတော့ သေချာပြီ။ နောက်ထပ် သုံးဆိုင်းထပ်ရှာမယ်။ အဲဒီ ထပ်ရှာမယ်သုံးဆိုင်းကိုလည်း အကောင်းဆုံးပဲလုပ်မယ်” ဟု ပြောသည်။

အထူးအစီအစဉ် တစ်ခုအနေဖြင့် ဖိုးကေ (မန္တလေး)နှင့် ရန်ကုန်ကြီးအောင် (မြို့တော်စည်ပင်)၊ ဖိုက်ကေ (မန္တလေး)နှင့် စောဇော်မင်း (အဖြူရောင်သွေးသစ်)၊ မိုးမခ (မန္တလေး)နှင့် စောသဲမင်း (T & T)တို့ တွဲ ဆိုင်းသုံးဆိုင်းတွင် မန္တလေးဘက်မှ ထိုးသတ်မည့် လက်ဝှေ့ကစားသမားများမှာ လက်ဝှေ့ပွဲတွင် သရေနှင့် ရှုံးခဲ့ပါက ထိုးသတ်ကြေးယူမည်မဟုတ်ဘဲ အနိုင်ရရှိမှသာ ထိုးသတ်ကြေးယူမည်ဟု စိန်ခေါ်ထားသည်။

ဖိုးကေမှာ ရန်ကုန်ကြီးအောင်နှင့်ပွဲအတွက် ထိုးသတ်ကြေး သိန်း ၂၅ ရရှိသော်လည်း အနိုင်ရရှိမှသာ ထိုးသတ်ကြေး ယူမည်ဖြစ်ပြီး ရန်ကုန်ကြီးအောင်မှာ အဆိုပါပွဲအတွက် ထိုးသတ်ကြေး သိန်း ၂၀ ရရှိထားသည်။

ရိုးရာလက်ဝှေ့လောကတွင် ထိုးသတ်ကြေး အမြင့်ဆုံးရရှိသည့် လက်ဝှေ့ကစားသမားအဖြစ် တွေ့မရှောင် က ၄၅ သိန်းဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း စောငမန်းသည် ယခုပွဲတွင် ထိုးသတ်ကြေး သိန်း ၅၀ ဖြင့် တွေ့မရှောင်၏ အမြင့်ဆုံး ထိုးသတ်ကြေး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

Mizzima

No comments:

Post a Comment