Saturday, July 12, 2014

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် EITI ဖော်ဆောင်ရေးအဖွဲ့၏ (၂၇)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် EITI Board မှ ဇူလိုင် ၂ ရက်တွင်
လက်ခံသဘောတူခဲ့သည်။

ထိုသို့လက်ခံသဘောတူခဲ့ပြီး ၁၈ လအတွင်း အပြီးသတ်တင်သွင်းရမည့် အစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို မြန်မာနိုင်ငံအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်များစွာ ရရှိနေသည့် ကဏ္ဍများဖြစ်သော ရေနံ၊ သတ္တုနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများကို အဓိကထားကာ ယင်းအစီရင်ခံစာတွင် ထည့်သွင်းသင့်ကြောင်းကို အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်းများ၊ စီမံကိန်းများနှင့် ပတ်သက်ကာ ပွင့်လင်းမြင်သာမှုမရှိခြင်းတို့မှာ အဟန့်အတား ဖြစ်စေကြောင်း လူမှုအဖွဲ့အစည်း ၄၄၉ ဖွဲ့ကျော်မှ သတင်းထုတ်ပြန်ခဲ့သည်။

“ဇူလိုင် ၂ ရက်မှာ EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ခဲ့ပါ တယ်။ ၁၈ လအတွင်းမှာ အစီရင်ခံစာတင်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်း သုံးပွင့်ဆိုင်အဖွဲ့အစည်းက ညီညွတ်မှုမရှိရင် အစီရင်ခံစာတင်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အစိုးရအနေနဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့ လိုအပ်တယ်။ အခုအခြေအနေက တိုင်းပြည်မှာ စိုးရိမ်စရာတွေ၊ သံသယတွေ အများကြီးရှိနေတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ EITI အစီရင်ခံစာကို ၁၈ လအတွင်းမှာ ထွက်ချင်တယ်” ဟု MSG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြင့်အောင်က ပြောကြားသည်။

EITI အဖွဲ့ဝင်လောင်း နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့် မြန်မာနိုင်ငံအနေဖြင့် ထင်ရှားသည့် သယံဇာတ များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ ကြေး၊ ကျောက်စိမ်းနှင့် အခြား တွင်းထွက် ကျောက်မျက် ရတနာများ စသည့်ကဏ္ဍများကို အဖွဲ့ဝင်လောင်းဖြစ်ပြီး ၁၈ လ အကြာတွင် တင်သွင်းရသည့် EITI report တွင် EITI  စံနှုန်းများနှင့်အညီ ထည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။

အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာသည့် ယခုလမှ စတင်ကာ ၁၈ လအတွင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် အဆိုပါ အစီရင်ခံစာကို အပြီးသတ်ရေးဆွဲ ရမည်ဖြစ်ပြီးEITI Secretarait သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများ အတွင်းတွင် ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အစတွင် အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း အစီရင်ခံစာတစ်ကြိမ် ရေးဆွဲပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ယခုမှသာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ EITI သည် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ၏ ဝင်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ကြောင်း သိရသည်။       


Eleven

No comments:

Post a Comment