Monday, July 7, 2014

PR မကျင့်သုံးရေး NLD နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကန့်ကွက်မည်

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မကျင့်သုံးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း ကန့်ကွက်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် NLD ပါတီ ရုံးချုပ်တွင် ဇူလိုင်လ ၅ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။


“PR နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကလည်း တိုင်းရင်းသားဒေသတွေမှာ မသုံးစေချင်သလို၊ NLD ဘက်ကလည်း ပြည်မမှာ မသုံးစေချင်ဘူး ဆိုတော့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်လာရင် ပူးပေါင်းကန့်ကွက်ဖို့ သဘောတူညီတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် PR စနစ် မကျင့်သုံးရေး လှုပ်ရှားမှုများကို ပူးပေါင်း လုပ်ဆောင်ရန် အတွက် ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

“ကျွန်တော် လောလောဆယ်တော့ ဘာတွေ လုပ်မလဲဆိုတာ မပြောနိုင်ပါဘူး၊ မနက်ဖြန် ကြေညာချက် ထွက်လာမှာပါ” ဟု NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ၁၉၈၈ တွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဇိုမီးအမျိုးသားကွန်ဂရက် အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။

ရွေးကောက်ပွဲများ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို တပ်မတော်သားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း အမျိုးသားလွှတ်တော်က ဇွန်လ ဒုတိယပတ်အတွင်း အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်တွင်းလည်း ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

PR စနစ်ကို မကျင့်သုံးရန် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့က ပြည်နယ်ခုနစ်ခုတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု စနစ် (PR) သည် တိုင်းရင်းသားပါတီများ အတွက် မျှတစေရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇွန်လ နောက်ဆုံးပတ်အတွင်း တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံစဉ် ကတိပေးထားသောကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်။


The Voice Weekly

No comments:

Post a Comment