ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။
ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါတယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။
အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါ ပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည်ခွဲထွက်ခြင်း၊လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံးညီညွတ်မှုရှိမှသာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။နယ်မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေလိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ်ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက်လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။
Credit:ထွန်းနိုင်ဝင်း
No comments:
Post a Comment