Sunday, August 24, 2014

ရေနံချက်လုပ်ခွင့်ကို တရားဝင် ချထားပေးမည်ဟုဆို

မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနံချက်လုပ်ခွင့်ကို စွမ်းအင်ဝန်ကြီးဌာနက ယခုနှစ်အတွင်း တရားဝင် ခွင့်ပြုပေး မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
ရေနံချက်လုပ်ခွင့်ကို စည်းကမ်းနှင့်အညီ ထုတ်လုပ်ခွင့်ပြုရန် နေရာ အကျယ်အဝန်း၊ ချက်လုပ်မည့် စက်ကိရိယာ၊ အရည်အသွေး စသည့် စည်းကမ်း များကို မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ခွင့်ပြုပေးမှာကိုတော့ ဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ယူမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေက စည်းကမ်းနဲ့ ညီ၊ မညီ စိစစ်ပေး ရုံပဲ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရေနံလက်ယက်တွင်းများ ခွင့်ပြုပေးထားရာ ရေနံချက်သည့် လုပ်ငန်းများကိုလည်း တရားဝင် ခွင့်ပြုပေးမည် ဖြစ်ကြောင်း စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ရှင်းပြသည်။

“တစ်နိုင်တစ်ပိုင် ရေနံတူးတဲ့သူတွေက အစိုးရ ရေနံချက်စက်ရုံကို သွင်းရတာရှိတယ်။ ရေနံချက်မယ် ဆိုလည်း နည်းပညာ လိုအပ်တဲ့အတွက် လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့ ခဲယဉ်းမယ်” ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသက်ဝေ က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တူရင်းတောင်တန်း သဲပြင်တောရွာအနီးတွင် မြန်မာရေနံနှင့် သဘာဝလုပ်ငန်းနှင့် ရေနံရှာဖွေရေးတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment