Sunday, August 24, 2014

ရန်ကုန်မြို့ မြို့ပြအိမ်ရာ စီမံကိန်း အဆင့်မြင့် ယာဉ်ရပ်နားစခန်း တင်ဒါ လုပ်ကိုင်ခွင့် ရရှိသူများ ရွေးချယ် သွားမည်

ရန်ကုန်မြို့အတွင်း မြို့ပြအိမ်ရာစီမံကိန်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း အဆင့်မြင့် ယာဉ်ရပ်နားစခန်းများအတွက် တင်ဒါတင်သွင်းထားသူများ အနက်မှ လုပ်ကိုင်ခွင့်ရရှိသူများကို မကြာမီ ရွေးချယ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် တင်ဒါ လျှောက်ထားသူများအနေဖြင့် တင်ဒါတင်သွင်းမှု စပေါ်ငွေ အဖြစ် အမေရိ ကန် ဒေါ်လာ ငါးသောင်းမှ တစ်သိန်းကြားရှိ ဘဏ်အာမခံများ တင်သွင်းထားရကြောင်း၊ တင်ဒါ လျှောက်ထားသူ ၆၅ ဦးရှိပြီး သင့်လျော်သော သူများကို စိစစ်ရွေးချယ်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ပြအိမ်ရာနှင့် ယာဉ်ရပ်နားစခန်း စီမံကိန်း အတွက် တင်ဒါ တင်သွင်း လျှောက် ထားသူ ၃ဝ ကျော်ဖြင့် အများဆုံး ရှိနေကြောင်း သိရသည်။

အကောင်အထည် ဖော်မည့် စီမံကိန်းများမှာ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် သိမ်ဖြူ လမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကနှင့် ဗိုလ်တထောင် မြို့နယ် (၄၅)လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧက တို့၌ မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကြည့်မြင်တိုင် မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ သုည ဒသမ ၃၆၄ ဧကနှင့် မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံ ပုလဲလမ်းနှင့် ဟံသာဝတီ လမ်းထောင့် ရှိ မြေဧရိယာ ၁ဝ ဒသမ ၉၃ ဧကခန့်၌ မြို့ပြအိမ်ရာ စီမံကိန်းများ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ရာဇာဓိရာဇ် လမ်းရှိ မြေဧရိယာ ၄ဝ ဒသမ ၄၉၃ ဧကခန့်၌ မြို့ပြအိမ်ရာ စီမံကိန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်၌ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင် လမ်းထောင့်ရှိ မြေဧရိယာ သုည ဒသမ ၁ဝ၃ ဧက၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံများ တည်ဆောက်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဒဂုံမြို့သစ်မြို့နယ်၌ ဗိုလ်မှူးဗထူး စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း အကောင်ထည် ဖော်လျက် ရှိပြီး အဆင့်မြင့် ယာဉ်ရပ်နား စခန်းကို မင်္ဂလာမွန် ဈေးအနီး၌ တည်ဆောက် နေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment