Wednesday, August 13, 2014

အီရတ်နိုင်ငံကို အမေရိကန်စစ်သား ၁၃၀ ဦး ထပ်မံ စေလွှတ်


အမေရိကန်အစိုးရက အီရတ်နိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၁၃၀ စေလွှတ်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ အမာခံစစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ အီရတ်နိုင်ငံကို ကူညီဖို့ပါလို့ ဆိုပါတယ်။ကာလီဖိုးနီးယားပြည်နယ် ပဲန်ဒယ်လ်တန်စခန်းက တပ်သားတွေကို မိန့်ခွန်းပြောရာမှာ ကာကွယ်ရေးဝန်ကြီးက အီရတ်ရဲ့ ကာဒစ်စတန်ပြည်နယ်မြို့တော် အာရ်ဘီလ်ကို စစ်သည်တွေ ရောက်သွားပြီး အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ကူညီသွားမယ်လို့ ဆိုပါတယ်။အရင်က အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေ ထိန်းချုပ်ထားတဲ့ စင်ဂျာတောင်မှာ ပိတ်မိနေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သားတွေကို အမေရိကန်က လေကြောင်းကနေ စားနပ်ရိက္ခာတွေ ချပေး ကူညီခဲ့တာပါ။ခုတော့ အဲဒီထက်ပိုပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အီရတ်မြောက်ပိုင်းကို လွှတ်လိုက်တဲ့ အမေရိကန်စစ်သည်တွေက လုပ်ဆောင်မယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတယောက်က ပြောပါတယ်။

သြဂုတ် ၁၂ ရက်နေ့မှာဘဲ အီရတ်ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီရဲ့ အိမ်နားက စစ်ဆေးရေးစခန်းကို အသေခံ ဗုံးခွဲသမားတယောက်က တိုက်ခိုက်ခဲ့တယ်လို့ ရဲဘက်သတင်းရင်းမြစ် ၂ ယောက်နဲ့ ဒေသခံမီဒီယာတို့က ပြောပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ သတင်းမသိရသေးပေမယ့် အဆောက်အဦကတော့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

အီရတ်နိုင်ငံဟာ ၂၀၀၆ – ၂၀၀၇ တုန်းက ထိပ်ဆုံးရောက်ခဲ့တဲ့ လူမျိုးရေး ပြည်တွင်းစစ်အပြီး တည်းက တခါမှ မမြင်ဖူးသေးတဲ့ သွေးချောင်းစီးမှု အဆင့်ထဲမှာ ကျရောက်နေတယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။

DVB TV News

No comments:

Post a Comment