Wednesday, August 13, 2014

ဂျပန် ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ တိုးလာ

brainfever
ရခိုင်ပြည်နယ်တွင် ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွားသော ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ဖြစ်ပွားသူဦးရေမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၂၆ ယောက်ရှိခဲ့ရာမှ ယခုအခါ ၄၁ ဦးအထိ တိုးတက်လာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာလည်း ၈ ဦးမှ ၁ဝ ဦးအထိ ရှိခဲ့ကြောင်း စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။
“ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်တာကတော့ ခုဆို ၄၁ ယောက်ထိရှိပြီ။ ဒါပေမဲ့ ဆေးရုံမှာက ၇ ယောက်ပဲ ကျန်တော့တယ်။ ကျန်တာတွေက ဆင်းသွားကြပြီ။ ရောဂါ ကာကွယ်ဖို့ အဓိကကတော့ ခြင်မပေါက်ဖွားအောင်လုပ်ဖို့နဲ့ ခြင်ကိုက်မခံရဖို့ က အရေးကြီးတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်ကပြောသည်။  ဒေသခံပြည်သူများအနေဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန် အားနည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရန် အားနည်းခြင်း စသည့်တို့ကြောင့် ရောဂါဖြစ်ပွားသူများ တိုးတက်လာခြင်းဖြစ်သည်။
“ကျေးလက်နေပြည်သူတွေအနေနဲ့  မိမိနေအိမ် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်(မွေးမြူရေးခြံ) သန့်ရှင်းရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ဖို့လိုတယ်။ ကျွန်တော်တို့ အနေနဲ့ ခြင်နိုင်ဆေးတွေလိုက်ဖြန်းပေးနေပါတယ်” ဟု လည်း ဆေးရုံအုပ်ကြီးကပြောသည်။

ကျူးလက်(စ်)ခြင် (Culex tritaeniorhynuhus)  ကိုက်ခြင်းကြောင့် ဖြစ်သော ရောဂါဖြစ်သဖြင့် ယခုအခါ ရခိုင်ပြည်နယ်ရှိ ရောဂါ အဖြစ်များသော ကျောက်တော်၊ မင်းပြား၊  ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ စစ်တွေ၊ ပေါက်တောမြို့နယ်များတွင်  ခြင်နိုင်ဆေးဖြန်းခြင်း ရေမြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင် လုပ်ဆောင်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ သည်  အသက်ငါးနှစ်မှ ၁၃ နှစ်အရွယ်ကလေးများတွင် အဖြစ်များသည်။ ရောဂါလက္ခဏာများသည် သာမန်အအေးမိ တုပ်ကွေးရောဂါများကဲ့သို့  နှာစေးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်တတ်သည်။

ကလေးငယ်များ တစ်ဦးချင်းအပေါ် မူတည်ပြီး နှစ်ရက်သုံးရက်ကြာလျှင် အဖျားကြီးလာပြီး တက်လာခြင်း၊ ထို့နောက် ဦးနှောက်ရောင်သည့်လက္ခဏာများ ဖြစ်သည့် အကြောဆွဲခြင်း သတိလစ်ခြင်းများ ဖြစ်လာတတ်သည်။

“အသေအချာ ဆောင်ရွက်ဖို့လိုတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေလည်း ဖြစ်ခဲ့တယ်။ ဒါကြောင့် ပြည်နယ်အစိုးရ နဲ့ ပြည်ထောင်စုအစိုးရက ကျန်းမာရေး၊ ပညာရေးပိုင်းတွေမှာ ကွင်းဆင်းပြီး ဆောင်ရွက်ပေးဖို့လိုတယ်” ဟု စစ်တွေမြို့ဒေသခံ ဦးထွန်းရှိန် က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment