Wednesday, August 13, 2014

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည်ဆိုသည့်သတင်း မဟုတ်ကြောင်း ဇာဂနာ ငြင်းဆို

မြန်မာနိုင်ငံ၏ ယခင် အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည် ဆိုသည့် သတင်းသည် အမှန်မဟုတ်ကြောင်း ဇာကနာ က မဇ္ဈိမကို ပြောသည်။
" ဦးသန်းရွှေ ဇာတ်ကားကို ရိုက်မယ့်သူတွေ ရှိတယ်။ သူတို့က ကျွန်တော့ကို အီးမေးလ်ကနေ တစ်ဆင့် အကူအညီတောင်းတယ်။ ကျွန်တော့်ကို လာဆက်သွယ်တော့ ဝိုင်းကူညီပေးပါမယ်။ လိုအပ်တာရှိရင်ကိုပေါ့ ။ ဦးသန်းရွှေနဲ့ ကျွန်တော်က ဘာအဆက်အသွယ်မှလည်း မရှိဘူး။ ဦးအောင်ကြည်ကနေ တစ်ဆင့် ဦးသန်းရွှေကို အကူအညီ တောင်းပေးလိုက်တယ်" ဟု၎င်းက  ပြောသည်။
ဇာဂနာကို အမေရိကန်နိုင်ငံမှ Production Designer ဖြစ်သူMs. Straus Berg ဆိုသည့် အမျိုးသမီးမှ ဦးသန်းရွှေ အကြောင်း ရိုက်ကူးရန် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလပိုင်းက လာရောက် တွေ့ဆုံခဲ့ပြီး အီးမေလ်းမှ တဆင့် ပြောခဲ့ပြီးဖုန်းဖြင့်လည်းတစ်ဆင့် ယင်းဇာတ်ကား အကြောင်း ပြောဆိုခဲ့သည်။
Production Designer ဖြစ်သူ Ms.Straus Berg သည် ဗြိတိန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ Benedict Rogers (ဘင်ရော်ဂျာ) ရေးသားထားသည့် မြန်မာနိုင်ငံ၏ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ရေးသားထားသည့် စာအုပ်ပေါ် အခြေခံကာ ရိုက်ကူးရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယင်း ဇာတ်ကားအား နိုင်ငံတကာ အဆင့်မီ ရိုက်ကူးရန် အတွက် ကမ္ဘာကျော် ဒါရိုက်တာ တစ်ဦး ဖြစ်သည့် စတီဖင် ဆိုဒါဘတ်အား ကမ်းလှမ်းထားသည်။ ဇာတ်ကား ရိုက်ကူးရန် အတွက် မြန်မာနိုင်ငံတွင် လာရောက် ခွင့်ပြုချက်တောင်းခံခြင်း ဖြစ်ပြီး ခွင့်ပြုချက် ရရှိခဲ့ပါက ဦးသန်းရွှေကို အင်တာဗျူးခွင့်ပါ တောင်းခံခြင်းဖြစ်ကြောင်း ဦးဇာဂနာက ဆိုသည်။ 

" ခွင့်ပြုချက်လိုချင်တယ် ဆိုတော့ ကျွန်တော် ကူညီနိုင်တာက အဲတုန်းက ဦးအောင်ကြည် ရှိသေးတယ်လေ။ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ဆီကနေ တဆင့် ခွင့်ပြုချက်ကို သူတို့ ပြုမလား မသိဘူး။ သူမသေခင် ဟိုလူတွေက ရိုက်ချင်တာ။ အဲဒါကို ခွင့်ပြု မပြု ပြုခဲ့မယ် ဆိုရင် ဦးသန်းရွှေကိုလည်း အင်တာဗျူးချင် သေးတာ။ ဖေဖော်ဝါရီလောက်က မေးတယ်။ အဲဒါကို မျက်နှာဖုံးမှာ ထည့်လိုက်တော့ ကျွန်တော်ကပဲ စီစဉ်သလို ဖြစ်သွားတာပါ။ လိုက်ရှင်းရင် ရှုပ်နေမှာ ဆိုးတာနဲ့ မရှင်းခဲ့ပါဘူး ။ကျွန်တော် ထင်ပါတယ် သူတို့ မရိုက်ရဲပါဘူး" ဟု ဦးဇာဂနာက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ရိုက်ကူးရန် မြန်မာအစိုးရဘက်ကလည်း ယခုအချိန်ထိ အကြောင်းမပြန်သေးဘဲ ရိုက်ကူးကြမည့် သူများဘက်ကလည်း ထပ်မံ ပြောကြားခြင်း မရှိသေးပေ ။
mizzimaburmese

No comments:

Post a Comment