Saturday, August 16, 2014

တပ်မတော် အနေဖြင့် နိုင်ငံတော် အကျိုးကို အစဉ်ရှေ့ရှု၍ အမျိုးသား နိုင်ငံရေး အသွင်ဖြင့် ပါဝင် ရပ်တည်လျက်ရှိ

မြန်မာ-ပိုလန် သံတမန် ဆက်ဆံရေးသည် လာမည့်နှစ်တွင် နှစ် ၆ဝ ပြည့်မှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရှည်လျားသည့် ဆက်ဆံရေး ရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ဆက်ဆံရေး အရှိန်မြှင့်တင် လာခဲ့ကြောင်း၊ပိုလန်နိုင်ငံ အနေဖြင့် အီးယူတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှုများ ကို တွေ့ရှိရ ပါကြောင်းနှင့် ပိုလန်နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များသည် မြန်မာနိုင်ငံ အတွက် အတွေ့အကြုံများ ရရှိနိုင်မည်ဟု ယုံကြည် ပါကြော င်းဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ မြန်မာနိုင်ငံ ဆိုင်ရာ ပိုလန်နိုင်ငံ သံအမတ်ကြီးH.E.Mr.Zenon KU-CHCIAK အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံ ရာတွင် ပြောကြားသည်။


ပိုလန် သံအမတ်ကြီးက ပိုလန်နိုင်ငံမှ စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူများက မြန်မာ့ တပ်မတော်အား ခိုင်မာ တောင့်တင်းသည့် အဖွဲ့အစည်း အဖြစ် ရှုမြင် ပြီး နိုင်ငံပြုပြင် ပြောင်းလဲရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ဟု အကဲခတ် သုံးသပ်ပါကြောင်း၊ အနောက် အုပ်စုမှ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ ကျန်ရှိနေသော်လည်း ပိုလန်နိုင်ငံ အနေဖြင့် နိုင်ငံတကာဆိုင်ရာ ထောက်ပံ့ ကူညီ မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိတွေ့ ဆက်ဆံမှုကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်ရေး များတွင် တိုးတက်မှု ရရှိလာမည် ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်ဖြင့် ဆက်ဆံရေး တိုးမြှင့်မှု စတင်မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သလို ဘက်မလိုက် နိုင်ငံများ အသင်းဝင် နိုင်ငံဖြစ်သည်နှင့် အညီ မိမိတပ်မတော် အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံများ၊ ဒေသ တွင်း နိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ချစ် ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေး တံခါးဖွင့်ထား ပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ပွင့်လင်း မြင်သာမှုကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် အပြုသဘော ဆောင်သော အထောက် အကူပြုမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ရရှိပါကြောင်း၊ မိမိနိုင်ငံ၏ သမိုင်းကြောင်းအရ တပ်မတော်အနေဖြင့် နိုင်ငံတော် အကျိုးကို အစဉ်ရှေ့ရှု၍ အမျိုးသား နိုင်ငံရေး အသွင်ဖြင့် ပါဝင် ရပ်တည်လျက်ရှိကြောင်း၊ လွတ်လပ်ရေး ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့မှုမှသည် ယနေ့တိုင်အောင် တပ်မတော်သည် နိုင်ငံတော်အတွက် မှန်ကန်စွာ ရပ်တည် ထိန်းသိမ်း ဆောင်ရွက် ခဲ့ကြောင်း၊ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဟု ယုံကြည်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြား သည်။ ပိုလန်နိုင်ငံ စစ်သံမှူးကလည်း မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း အပြည့်အဝ တိုးမြှင့်လုပ်ဆောင် လိုကြောင်း ဖြည့် စွက်ဆွေးနွေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဗန်ကောက် အခြေစိုက် ပိုလန်နိုင်ငံ သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Colonel Wojciech GOLASZEWSKI နှင့် ရန်ကုန် အခြေစိုက် ပိုလန်သံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Jacek PERLIN တို့ တက်ရောက်ခဲ့ကြသည်။

ပိုလန်နိုင်ငံသည် အရှေ့ဥရောပ ဒေသတွင် တည်ရှိပြီး ၁၉၈ဝ ပြည့်နှစ်မှ စတင်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ကာ ၂ဝဝ၄ ခုနှစ်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ စီးပွားရေးနှင့် နိုင်ငံရေးတွင် ဟန်ချက်ညီစွာဖြင့် လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင်လည်း အီးယူအဖွဲ့အတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားမှုများ ရှိသည်။ မြန်မာ-ပိုလန် သံတမန် ဆက်ဆံရေးအား ၁၉၅၅ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံသည့် သဘောထားဖြင့် အီးယူအဖွဲ့အတွင်း ရပ်တည်ပေး သည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအပေါ် စိတ်ပါဝင်စားမှု ရှိကာ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြှင့်တင် လုပ်ဆောင်လျက် ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်ခန့်က စစ်ဘက်သုံး ရဟတ်ယာဉ်အချို့အား ပိုလန်နိုင်ငံမှ ဝယ်ယူ အသုံးပြု ခဲ့သည်။ 

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့သည် ပိုလန် နိုင်ငံ၏ တပ်မတော်နေ့ ဖြစ်ပြီး အီးယူသို့ ဝင်ရောက်မှု ၁၆ နှစ်ပြည့်၊ နေတိုးသို့ ဝင်ရောက်မှု ၁၅ နှစ်ပြည့်နှင့် ဒီမိုကရေစီပြောင်းလဲမှု ၂၅ နှစ်ပြည့်သည့် အခါသမယ ဖြစ်ကြောင်း သိရှိရသည်။

Credit : Senior General Min Aung Hlaing Facebook

No comments:

Post a Comment