Monday, August 18, 2014

အမ်ပီစီနဲ့ အင်န်အယ်လ်ဒီ ကင်းကွာနေသလား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ရန်ကုန် ရွှေလီလမ်း ငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးညစာစားပွဲ တစ်ခု လုပ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရည်စူးပြီး လုပ်တဲ့ပွဲပါ။ ခါတိုင်းလည်း ခုလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတဲ့အခါ ညစာစားပွဲ လုပ်ပေးလေ့ရှိပါတယ်။ ဒီညစာ စားပွဲမှာ မတူညီတဲ့ အသိုင်းအ၀ိုင်းမျိုးစုံက လူတွေ တွေ့ဆုံစကားပြော အလွတ်သဘော အမြင်ချင်း ဖလှယ်နိုင်ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ပြီး လက်ရှိ တပ်မတော်မှာ တာဝန်ယူနေဆဲ စစ်ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက အကျိုးဆောင်တွေ၊ နိုင်ငံခြားသံတမန်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အင်န်ဂျီအိုအဖွဲ့ တာဝန်ရှိသူတွေ၊ သတင်းစာဆရာတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အစရှိသဖြင့် စုံစုံလင်လင် တက်ရောက်ကြတဲ့ ပွဲမျိုးပါ။ အဓိကအားဖြင့် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံမေးမြန်း အမြင်ချင်းဖလှယ် လုပ်ကြတာမျိုးပါ။

 ဒါပေမဲ့ သြဂုတ်လ ၁၆ ရက် ညစာစားပွဲမှာတော့ အင်န်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ တစ်ယောက်မှ တက်တာမတွေ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်နေတာလည်းဖြစ်၊ တိုင်းပြည်မှာ ပြည်သူလူထု ထောက်ခံမှုအများဆုံးလည်းဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီက တစ်ယောက်ယောက် ဒီလို လူစုံတက်စုံ တက်တဲ့ပွဲမျိုးမှာ မတွေ့ရတာဟာ ထူးဆန်းနေသလို၊ တစ်ခုခု လွဲချော်နေသလိုလို အနေအထားပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစင်တာ MPC က မဖိတ်လို့လား၊ အင်န်အယ်လ်ဒီက မာနကြီးပြီး မလာတာလား၊ ဒီကိစ္စ ပြောဆိုဆွေးနွေးရလောက်အောင် အရေးကြီးပါရဲ့လားဆိုတာ ဆွေးနွေးကြည့်ကြရအောင်။

တကယ်တော့ အင်န်အယ်လ်ဒီက ကိုယ်စားလှယ်တစ်ယောက်ယောက် မတက်တာဟာ ဒီပွဲတစ်ခုတည်းတော့ မဟုတ်ပါဘူး။ MPC က ကျင်းပတဲ့ ညစာစားပွဲတွေနဲ့ လစဉ်လိုလို လုပ်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ အမြင်ချင်းဖလှယ်တဲ့ ဆွေးနွေးပွဲတွေမှာလည်း များသောအားဖြင့် တက်ရောက်တာ မတွေ့ရတတ်ပါဘူး။ ဒါပေမဲ့လည်း အဲဒီညစာစားပွဲလို၊ ဆွေးနွေးပွဲလိုနေရာမျိုးမှာ လူထုထောက်ခံမှု လုံးဝမရှိလို့ အမတ်တစ်ယောက်မှ အရွေးမခံတဲ့ ပါတီက ခေါင်းဆောင်တွေကိုတော့ ပုံမှန်လိုလို တွေ့နေရတာကလည်း နောက်ထပ် လွဲချော်မှုတစ်ခုဖြစ်နိုင်ပါတယ်။

MPC ဘက်က ကြည့်ရင် လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပစ်ရပ်စာချုပ် ချုပ်နိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးမှာ တက်တက်ကြွကြွ အကျိုးဆောင် အကောင်အထည်ဖော်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အစိုးရနဲ့ စစ်တပ်ဘက်က လိုလားမှု၊ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က လက်ခံမှု၊ MPC အဖွဲ့ရဲ့ ကြိုးစားမှုတွေကြောင့် ခုဆိုအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး အကောင်အထည်ပေါ်လာလုနီးနေပါပြီ။ အောင်မြင်မှုတွေပါ။ တစ်ဆက်တည်း လစဉ်လိုလို နိုင်ငံရေးပါတီတွေနဲ့ ပညာရှင်တချို့၊ သတင်းစာဆရာတချို့၊ နိုင်ငံရေးသမားတချို့ကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ကိုင်ဆောင်ရွက်ထားသမျှတွေကို ရှင်းပြတာ၊ အကြံဉဏ်ရယူတာ၊ မေးသမျှ ဖြေပေးတာတွေကလည်း အတော်ကောင်းတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အဲလိုဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီနဲ့ အခြားပါဝင်သင့်သူတွေ စုံသထက်စုံညီအောင် ကြိုးစားတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီပါတီ တက်တာမျိုးကတော့ စောစောက ပြောသလိုရှားပါတယ်။ ဘာကြောင့်ပါလဲ။

သြဂုတ် ၁၆ ရက် ညစာစားပွဲဖိတ်ကြားမှုနဲ့ ပတ်သက်လို့ ဖိတ်ကြားသူ ၀န်ထမ်းတွေကို မေးကြည့်တော့ တာဝန်ရှိသူတွေ ညွှန်ကြားတဲ့ စာရင်းထဲ အင်န်အယ်လ်ဒီက ဒေါ်နန်းခင်ထွေးမြင့် ပါတယ်။ ဒါပေမဲ့ သူက ကရင်ပြည်နယ် ဘားအံမှာဆိုတော့ မတက်နိုင်ဘူးလို့ ဖြေပါတယ်။ တာဝန်ရှိသူ တစ်ယောက်ကတော့ အရင်ကဆို ဒေါက်တာ တင်မျိုးဝင်းကို ဖိတ်လေ့ရှိတယ်၊ တစ်ခါတစ်ရံ လာတယ်လို့ ဖြေပါတယ်။ သူက ဒီလိုပွဲမျိုးမှာ အင်န်အယ်လ်ဒီဘက်ကို ဂရုစိုက်ဖိတ်ကြားရမှာ လက်ခံပါတယ်။ နောင်ဖိတ်ကြားပုံစနစ် ပြန်ပြင်မယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ကတော့ အင်န်အယ်လ်ဒီဘက်ကို ပြောခွင့်ရသူ ဦးဉဏ်ဝင်း ဒါမှမဟုတ် တခြားတစ်ယောက်ယောက် တိုက်ရိုက်နာမည်တပ် ဖိတ်ခေါ်ပုံရပါတယ်။ ဒါကြောင့် ဦးဉဏ်ဝင်း ဒါမှမဟုတ် တစ်ယောက်ယောက် မအားရင် ဆွေးနွေးပွဲထဲ အင်န်အယ်လ်ဒီ ကိုယ်စားလှယ် မမြင်ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အင်န်အယ်လ်ဒီဘက်ကရော ဦးအောင်မင်းခေါင်းဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို ဘယ်လိုသဘောထားနေသလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်ဆို တိုင်းပြည်မှာ ပြည်သူလူထု ထောက်ခံမှုအရဆုံး ပါတီကြီးတစ်ခု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမြဲတန်းလိုလားနေတဲ့ ပါတီကြီး တစ်ခုအနေနဲ့ MPC ရဲ့ ဆောင်ရွက်ချက်တွေကို လက်ခံတာ၊ လက်မခံတာ အသာထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်ရောက်နေသလဲ၊ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ ဘယ်လိုအနေအထား ဖြစ်နေသလဲ စသဖြင့် အမြဲတန်း သိထားဖို့လိုနေ၊ လေ့လာထားဖို့ လိုနေပါတယ်။ သိဖို့၊ နားလည်ဖို့ ကြိုးစားရာမှာလည်း မခက်ပါဘူး။ ငြိမ်းချမ်းရေးစင်တာမှာ အဲလိုကိစ္စ ၀န်ကြီးဦးအောင်မင်းတို့ အမြဲတစေ တင်ပြနေတယ်ဆိုတာ သိနေမယ် ထင်ပါတယ်။(မသိဘူး ဆိုရင်တော့ တာဝန်ရှိတဲ့ခေါင်းဆောင် တချို့ အတော်ညံ့တယ် ပြောနိုင်ပါတယ်)။

ဒါဆိုရင် အဲလို အခြေအနေတွေ အမြဲတစေသိနေဖို့ ဆွေးနွေးပွဲတွေ ပါဝင်ဖို့လိုပါတယ်။ ပါဝင်ခဲ့ရင် လက်တွေ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသူတွေကို မေးမြန်းတာ၊ အကြံဉဏ်ပေးတာ လုပ်နိုင်ပါတယ်။ ဒီအတွက် MPC ဘက်က ဖိတ်ကြားချက်မရှိရင် ဘာကြောင့် ဖိတ်ကြားချက် မလာရတာလဲ စူးစမ်းဖို့လိုပါမယ်။

လူတစ်ဦးချင်းစီ တိတိကျကျ နာမည်တပ်ပြီး ဖိတ်ကြားတာဖြစ်လို့ တက်ရောက်ဖို့ အခက်အခဲဖြစ်ရင် အခက်အခဲဖြစ်တဲ့အကြောင်း မေးမြန်းပြောဆိုပြီး သင့်လျော်သူ လွှတ်ခွင့်ရတာမျိုး လုပ်လို့ရနိုင်ပါတယ်။ ဆွေးနွေးပွဲတွေမှာ မပါ၊ ညစာစားပွဲနဲ့လည်း မဆိုင်ဘူးဆိုရင် သတင်းအချက်အလက်တွေလည်း မရနိုင်ပါဘူး။ အင်အားကြီး နိုင်ငံရေးပါတီကြီးတစ်ခု လုပ်သင့်လုပ်ထိုက်တာ ပျက်ကွက်မှုမျိုးဖြစ်သလို၊ ပါတီအနေနဲ့ သိသင့်သိထိုက်တာတွေလည်း မသိနိုင် သတင်းအမှောင်ကျနေတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။

တိုင်းပြည်မှာ ငြိမ်းချမ်းရေးကိစ္စ အလွန်အရေးကြီးတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါဘူး။ အားလုံးပါဝင်ခွင့် ဘာဘာညာညာ ပြောနေကြတာမျိုးလည်း ရှိပါတယ်။ ဆွေးနွေးပွဲတွေ၊ ညစာစားပွဲတွေမှာ အင်န်အယ်လ်ဒီပါတီ ပါဝင်လာအောင် MPC ဘက်က စနစ်တကျဖိတ်ကြားသင့်ပါတယ်။ အင်န်အယ်လ်ဒီဘက်ကလည်း ပြည်သူနဲ့ ပါတီအကျိုးမရှိတဲ့ တလွဲမာနမထားဘဲ သိသင့်တာသိရအောင် MPC နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး လုပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima

No comments:

Post a Comment