Monday, August 18, 2014

မဲဆန္ဒနယ်များတွင် PR စနစ် ဟောပြောရန် ကြံ့ခိုင်ရေးပါတီ ညွှန်ကြားခြင်း မရှိဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်ပြီး ဟောပြောရန် ပါတီ (ဗဟို) က တိုက်ရိုက်ညွှန်ကြားခြင်း မရှိကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။
ရွေးကောက်ပွဲများ၌ PR စနစ် ကျင့်သုံးနိုင်ရေး လွှတ်တော်အတွင်း ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်နေဆဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် PR စနစ်အကြောင်း ဟောပြောရန် ညွှန်ကြားထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။


“ပါတီက ညွှန်ကြားတာ မရှိပါဘူး၊ ဗဟိုကော်မတီဝင်လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကျွန်တော် အသိဆုံးပါ” ဟု ၎င်းကဆိုသည်။
မိမိမဲဆန္ဒနယ်များသို့ လှည့်လည် ကြည့်ရူရာတွင် မကွေးတိုင်းဒေသကြီး တောင်ခရမ်းကျေးရွာရှိ ရွာသားတစ်ယောက်၏ PR နှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ပြန်လည်ရှင်းပြခြင်း ဖြစ်သော်လည်း ပါတီညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။
ရွေးကောက်ပွဲများတွင် PR စနစ် ပြောင်းလဲကျင့်သုံးရေးကို တပ်မတော်သား ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် တိုင်းရင်းသား ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်သော်လည်း ထောက်ခံသူ များသောကြောင့် အမျိုးသားလွှတ်တော်တွင် ဇွန်လအတွင်းက အတည်ပြုထားပြီး PR စနစ် လေ့လာရေး ကော်မတီကို ဖွဲ့စည်းထားသည်။
ပြည်သူ့လွှတ်တော်တွင်မူ PR စနစ် ကျင့်သုံးနိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR စနစ်ကို လေ့လာလျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment