Saturday, August 2, 2014

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော်တို့၏ အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်သွင်းထားသောကြောင့် ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်းမရှိခဲ့

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှုတင်သွင်း ထားသောကြောင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၁ ရက်တွင် တာမွေတရားရုံး၌ ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်း မရှိခဲ့ကြောင်း သိရသည်။  လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးအား တိုင်းသာသနာရေးမှူးက စွဲဆိုထားသည့် အမှုနှစ်မှုအနက် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)အား ချေဖျက်ပေးရန် လန်ဒန်ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းထားကြောင်း သိရသည်။ထို့အပြင် တရားစွဲဆိုခံရသည့် သံဃာငါးပါးအနက်မှ အမှတ် ၃ ဆရာတော်၏ရှေ့နေမှ ပီနန်ဆရာတော်ဘုရားကြီး၏ သက်သေခံစာကို တင်သွင်းရာတွင် တာမွေတရားရုံးမှ လက်မခံသည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းထားကြောင်း သိရသည်။“အမှုနှစ်မှုလုံးက ခရိုင်တရားရုံးနဲ့ တရားလွှတ်တော်တို့က အဆုံးအဖြတ်ပေးတာကို စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် အမှုနှစ်ခုလုံးကို ဩဂုတ် ၁၅ ရက်ကို ပြောင်းရွှေ့ချိန်းဆို ထားပါတယ်” လန်ဒန်ဆရာတော်၏ ရှေ့နေဦးနေလက ပြောကြားသည်။
ယင်းသို့ အမှုနှစ်မှုလုံးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှု လျှောက်လဲချက် တင်ပြထားသောကြောင့် တာမွေတရားရုံးတွင် စစ်ဆေးမှုကို ခေတ္တရပ်ဆိုင်းထားပြီး ရုံးချိန်းအား ဩဂုတ် ၁၅ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။
မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါးကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ တိုင်းသာသနာရေးမှူးမှ ၂ဝ/၉ဝ၊ ပုဒ်မ-၂၉၅(က)ဖြင့် တာမွေတရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။
news-eleven

No comments:

Post a Comment