Saturday, August 16, 2014

မုံရွာတွင်ဖမ်း မိသည့် မူးယစ်အမှုများတွင် အစိုးရကျောင်းဆရာ တစ်ဦးပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုများထဲတွင် အစိုးရ ခန့် ကျောင်းဆရာတစ်ဦး ပါဝင်နေ သည်ဟု အမှတ်(၈)မူးယစ် တပ်ဖွဲ့စုမှူးဖြစ်သူ ဒု-ရဲမှူးစံတိုးက မဇ္ဈိမကို ပြောသည်။
မုံရွာမြို့တွင် သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ မူးယစ်ဆေးဝါးအမှုများမှာ ပျမ်းမျှသုံးရက်လျှင် တစ်မှုနှုန်းခန့် ဖမ်းမိနေပြီး မူးယစ်ဆေးဝါး အရောင်းအ၀ယ် လုပ်ကိုင်နေသူများထဲတွင် ကျောင်းဆရာတစ်ဦးပါဝင်နေခြင်း ဖြစ်သည်။

“ဒီလ ၁ ရက်ကနေ ၁၅ ရက်အထိပေါ့ မုံရွာမှာ မူးယစ်ဆေးဝါးမှု ငါးမှုရှိတဲ့အတွက် ပျမ်းမျှတွက်လိုက်ရင် သုံးရက်ကို တစ်မှုနှုန်းလောက်ဖမ်းမိတဲ့ သဘောမှာ ရှိတာပေါ့။ အဲ့ဒီအထဲမှာ ကျောင်းဆရာတစ်ယောက်လဲ ပါတယ်”ဟု ဒု-ရဲမှူးစံတိုးက ဆိုသည်။

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိကာ ပြန်လည်ရောင်းချသည့် ကျောင်းဆရာမှာ ကလေးဝမြို့နယ်၊ ကိုင်းဇီး ဒေါင့်ကျေးရွာတွင် နေထိုင်ပြီး ကိုင်းရွှေတောင် အ.မ.က ကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါကျောင်းဆရာကို မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြသုခဟိုတယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည် ဟု မူးယစ်တပ်ဖွဲ့၏ မှတ်တမ်း များတွင် ဖော်ပြထားသည်။

သြဂုတ် လ၀က်ခန့်အတွင်း ဖမ်းမိခဲ့ သည့် မူးယစ်ဆေးဝါးပမာဏမှာ စိတ်ကြွဆေးပြား ၇၄၇ ပြား၊ ဘိန်းဖြူ ၁၆ ဒသမ ၅ ဂရမ်နှင့် ငွေကျပ် ၄၉သိန်းခန့် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment