Thursday, August 21, 2014

ယခုဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး သြဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်းရရှိထား

 Photo: ယခုဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး သြဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်းရရှိထား
Thursday, August 21, 2014

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ရုရှားနိုင်ငံသို့ ပေါင်းဆန်တင်ပို့ရမှုများနေပြီး ဩဂုတ် ၁၅ ရက်အထိ ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁၉၆ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“လက်ရှိမှာရုရှားကို oversea ကနေ ပေါင်းဆန်တင်ပို့မှု များနေပါတယ်။ ဥရောပဘက်ကိုလည်း GSP အခွင့်အရေးရလို့ တင်ပို့တာတွေရှိတယ်။ ဩဂုတ် ၁၅ ရက်အထိ ပြည်ပကိုဆန်နဲ့ ဆန်ကွဲတန်ချိန် ၅၃ဝဝဝဝ တင် ပို့ထားပြီး ရငွေ ၁၉၆ သန်းရှိပါတယ်။ ကာလတူတင်ပို့မှုထက်ကို တန်ချိန်ရော ရငွေပါ ပိုမိုရရှိထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ယခင်ဘဏ္ဍာနှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆ဝဝဝဝ ကျော် ပိုမိုတင်ပို့ထားနိုင်ပြီး ရငွေမှာ ဒေါ်လာ ၅၇ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ဆန်တင်ပို့ရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၉၅၈၇ဝ တင်ပို့မှုမှ ဒေါ်လာ ၂၇၉ သန်းကျော်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၇ဝဝဝ တင်ပို့မှုမှ ဒေါ်လာ ၁၉၄ သန်းကျော်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁ဝ၈၇ တင်ပို့မှုမှ ဒေါ်လာ ၃ဝ၈ သန်းကျော်၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှဒေါ်လာ ၅၂၈ သန်းကျော်၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ဝ၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာ ၃၈ဝ သန်းကျော် အသီးသီးရရှိထားကြောင်း သိရသည်။
သို့ဖြစ်၍ ဘဏ္ဍာနှစ် ငါးနှစ်အတွင်း တင်ပို့မှုကိုကြည့်မည် ဆိုပါက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တင်ပို့သည့် တန်ချိန်နှင့် ရရှိသည့် ငွေပမာဏမှာ စံချိန်တင်များပြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရားဝင်ကုန်သွယ်မှုလိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ် ၁ ရက်တွင် တရုတ်ဗဟို အစိုးရစီမံချက်ဖြင့် ဆန်များအား တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နေရာအနှံ့အပြားတွင် ဖမ်းဆီးခြင်း၊ တရုတ် ဘက်ရွှေလီရှိကုန်သည်များ၏ ဂိုဒေါင်များအား ဝင်ရောက်စစ်ဆေး၍ မြန်မာဆန်များအား ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်များ ရပ်နားထားရခြင်းကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်သံရုံးတို့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် တရားဝင်တင်ပို့ခွင့် ရရှိရေးအတွက် စက်တင်ဘာလတွင် နှစ်နိုင်ငံ စာချုပ်ချုပ်ဆို သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့်ဂျပန်သို့ တင်ပို့မှုရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုကာ တင်ပို့မှုရှိနေကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment