Thursday, August 7, 2014

အူရီးဒူးဂယက်ကြောင့် ဟန်းဆက်အချို့ ဈေးတက်

အူရီးဒူးကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပြီးနောက် မိုဘိုင်းဖုန်းဆိုင်များတွင် ဟန်းဆက်များ ၀ယ်ယူမှု မြင့်တက်လာပြီး ဟန်းဆက်အမျိုး အစားအချို့ ကျပ်နှစ်သောင်းဝန်းကျင်ဈေးနှုန်းမြင့်တက်သွားကြောင်း သတင်းရရှိသည်။ဇူလိုင်လကုန်မှစ၍ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များ ထည့်သွင်းအသုံးပြုရန် မိုဘိုင်းဟန်းဆက်ဝယ်ယူမှုမြင့်တက်လာပြီး ကျပ်ငါးသောင်းမှ တစ်သိန်းခွဲကြားရှိ 3G ဟန်းဆက်များကို ၀ယ်ယူမှုများပြားလာကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ စုံစမ်းသိရသည်။‘‘ဟန်းဆက်က အရင်ကထက်ပိုပြီး အရောင်းပွင့်တယ်။ အူရီးဒူးအတွက် ဆိုပြီး သပ်သပ်ဝယ်ကြတာများတယ်။ အဓိကကတော့ ငါးသောင်းနဲ့ တစ်သိန်းကြားကို အ၀ယ်များလာတယ်’’ ဟု Mr.Fone မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းကျော်က ပြောသည်။မိုဘိုင်းဟန်းဆက်အချို့မှာ နာမည်ကြီးတံဆိပ်အမျိုးအစားဖြစ်သော်လည်း အူရီးဒူး၏ မိုဘိုင်း အင်တာနက်လိုင်းကိုအပြည့်အ၀မသုံးစွဲနိုင်ဘဲ လိုင်းပျောက်ခြင်း၊ ဖုန်းပိတ်သွားခြင်း များရှိခြင်းကြောင့် မိုဘိုင်းဖုန်းဆိုင်များသို့ လာရောက်လဲလှယ် ခိုင်းခြင်းများလည်းရှိကြောင်း သိရသည်။အူရီးဒူးဆင်းမ်ကတ်သုံးစွဲနိုင်ပြီး Video Call ခေါ်ဆိုမှု ရရှိနိုင်မည့် Huawei အမှတ်တံဆိပ် ဟန်းဆက် အချို့ကို ၀ယ်ယူမှုများပြားလာကာ ရောင်းအားကောင်းသည့် မိုဘိုင်းဟန်းဆက်အချို့မှာ ကျပ်နှစ်သောင်းဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက် သွားကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
‘‘Huawei Honor 3C ဆို တော်တော် ရောင်းရတယ်။ ပစ္စည်းလည်း ပြတ်တယ်။ ဒီမှာ တချို့ဟန်းဆက်တွေ တအား ရောင်းရတော့ တရုတ်ဘက်ကကို ဈေးမြင့်လိုက်တယ်။ မဖြစ်သင့် တဲ့ဈေးတွေ၊ တခြားအမျိုးအစားတွေရောပဲ တစ်လမပြည့်သေး ဘူး။ တစ်သောင်း ကနေ နှစ်သောင်းကျော်အထိ ဈေးကတက် သွားတယ်’’ ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတင်ဝင်းလှိုင် က ပြောသည်။လက်ရှိတွင် အူရီးဒူးကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို သြဂုတ် ၂ ရက်မှစ၍ ကနဦးစမ်းသပ်ကာလအဖြစ်တရားဝင်ရောင်း ချပေးနေပြီး မိုဘိုင်းဖုန်းဆိုင်များ၌ ဆင်းမ်ကတ်သီးသန့်ဝယ်ယူနိုင်သော်လည်း အချို့ ဆိုင်များတွင် ဟန်းဆက်ဝယ်ယူမှသာ လက်ဆောင်အဖြစ် အဆိုပါ ဆင်းမ်ကတ်များပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment