Sunday, August 24, 2014

အိုင်းစ်လန်းတွင် ပြင်းထန်သည့် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား


မြောက်အတ္တလန္တိတ်နှင့် အာတိတ်သမုဒ္ဒရာအကြားရှိ အိုင်းစ်လန်းကျွန်းနိုင်ငံရှိ ဘာဒါဘန်ဂါ မီးတောင် မှ ချော်ရည်များ ထွက်နေပြီး ပြင်းထန် သည့် ပေါက် ကွဲမှု တစ်ခုဖြစ်နိုင် ကြောင်း လေကြောင်းလိုင်းများသို့ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။


 

ယခုအခါ အဆိုပါ မီးတောင်မှ ဒင်ဂျူဂျိုကူးအမည်ရှိ ရေခဲပြင်အောက်တွင် ချော်ရည်များ ရောက်ရှိနပြီး သြဂုတ် ၂၃ ရက် ဗြိတိန်စံတော်ချိန် ညနေ ၃ နာရီခန့် က ပြင်းအား ၄ ဒသမ ၅ ရစ်ခ်ျတာစကေးရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ချော်ရည်များသည် ရေခဲပြင်အောက် ၃ မိုင်မှ ၆ မိုင်အကြားတွင် အလျားလိုက်ရွေ့လျားလျက်ရှိသည်။  နိုင်ငံအလယ်ပိုင်းရှိ ဘာဒါဘန်ဂါမီးတောင် မှ ချော်ရည် များ သည် လေထဲသို့ ပန်းထွက်ပြီး ရေခဲပြင်များလည်း အရည်ပျော်သွားနိုင်ကြောင်း သိရသည်။

မီးတောင်ပညာရှင်တစ်ဦးဖြစ်သူ မယ်လီဆာဖက်ဖာက “ရေခဲပြင် ထူလေလေ၊ ရေတွေပိုရှိလေလေဖြစ်ပြီး ပေါက်ကွဲမှု ပိုပြင်းထန်ကာ ပြာတွေ အများကြီး ထွက်လာနိုင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မီးတောင်မှ ချော်ရည်များထွက်နေပြီးနောက် လေကြောင်း လိုင်းများကိုလည်း သတိပေးချက်ထုတ်ပြန် ထားသည်။ ၂၀၁၀ ပြည့်နှစ် က ဖြစ်ပွားခဲ့သည့် အီဂျက်ဖ်ဂျယ်ဂျိုကူး မီးတောင်ပေါက်ကွဲခဲ့မှုတွင် တစ်ပတ်အတွင်း လေယာဉ်ခရီးစဉ် တစ်သိန်းကျော်ကို ဖျက်သိမ်းခဲ့ရပြီး ယခုမီးတောင်သည်လည်း အလားတူ ပြင်းထန်နိုင်ကြောင်း သိရသည်။

ငလျင်လှုပ်မှုများလည်း ဖြစ်ပွားခဲ့သောကြောင့် ဟီးသရိုးလေဆိပ်မှ ဆန်ဖရန်စစ္စကို သို့ ပျံသန်းသည့် Virgin Atlantic လေယာဉ်များသည်လည်း မီးတောင်နှင့် ဝေးရာလမ်းကြောင်းမှ ပျံသန်းလျက်ရှိပြီး ငလျင်စတင် လှုပ်ခတ်ချိန်မှစ၍ ဒေသခံများကိုလည်း ရွှေ့ပြောင်းပေးထားရသည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment