Wednesday, August 6, 2014

လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲ ယခင်ထက် ရလဒ်ကောင်းရဟု KIO ဒုဥက္ကဋ္ဌဟောင်းပြောကြား

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လိုင်ဇာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတို့မှာ ယခင်ထက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောကြားသည်။
အစိုးရအနေနှင့် လက်ခံရန် ခက်ခဲနေသော ဖက်ဒရယ်ဟူသည့် စကားလုံးများကို လက်ခံလိုက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးသည်နှင့် လက်နက် ဖျက်သိမ်းရေးဆိုသည့် ကန့်သတ်ချက်၊ တပ်အသွင်ပြောင်းရေးဆိုသည့် ကန့်သတ်ချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ဆက်လက်ဆွေးနွေးသွားရန် တပ်မတော်က ဖြေလျှော့ပေးလိုက်ခြင်းတို့မှာ ယခင်ကထက် အပေါင်းလက္ခဏာဆောင်သည့် အချက်များ ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။
ဒေါက်တာတူးဂျာသည် ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်းလက်ထက် ၁၉၈၀ ပြည့်နှစ်က ဗိုလ်ချုပ်နေဝင်းနှင့် ရန်ကုန်မြို့ဆွေးနွေးပွဲ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၄ ခုနှစ်များက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကေအိုင်အိုဗဟို ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။
Photo: လိုင်ဇာနှင့် မြစ်ကြီးနား ဆွေးနွေးပွဲ ယခင်ထက် ရလဒ်ကောင်းရဟု KIO ဒုဥက္ကဋ္ဌဟောင်းပြောကြား

ရန်ကုန်၊ သြဂုတ် ၅

“အရင်က ပြည်တွင်းစစ်ကို နိုင်ငံရေး ပြဿနာလို့ မယူဆဘူး။ ဆွေးနွေးပွဲတိုင်းမှာ နိုင်ငံရေး Topic (ခေါင်းစဉ်) ဘာမှမပါဘူး။ ဒါကြောင့် မအောင်မြင်ခဲ့တာ” ဟု ဒေါက်တာတူးဂျာက မှတ်ချက်ပေးသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ လိုင်ဇာဆွေးနွေးပွဲမှ သတ်မှတ်လိုက်သော သုံးပွင့်ဆိုင် ဆွေးနွေးရန်ဆိုသည့် အချက်ကိုမူ အစိုးရနှင့်ထပ်မံညှိနှိုင်းရန် လိုအပ်မည်ဟု ၎င်းက သုံးသပ်သည်။

ဝန်ကြီး ဦးအောင်မင်းကမူ ထပ်မံပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် လူမှုအဖွဲ့အစည်း (CSO) နှင့် အခြားအထင်ကရ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားရနိုင်သည့်အတွက် သုံးပွင့်ဆိုင်ထက် ပိုလာနိုင်သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီထံမှ သိရှိရသည်။ “ဒီအချက်ပေါ်မှာ အကြမ်းဖျင်းတော့ သူတို့ညှိနှိုင်းထားပြီးပြီနဲ့ တူတယ်” ဟု ဒေါက်တာတူးဂျာက ဆိုသည်။

မြစ်ကြီးနား အခြေပြုသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သော Sha-It Social Development Foundation မှ ဆရာမဒေါင်ညွယ်က “ပြည်သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အရင်ကထက် တိုးတက်လာတယ်လို့ ထင်တယ် မြစ်ကြီးနား -ဗန်းမော်လမ်းမှာ အရင်က စစ်ဆေးရေးဂိတ် ၁၀ ဂိတ်လောက်ရှိတာ၊ ဒီအစည်းအဝေးတွေ ပြီးတဲ့နောက်ပိုင်း ၃ ပုံ ၂ ပုံလောက် လျော့သွားတယ်။ ဒါတွေဟာ အစည်းအဝေးရဲ့တိုးတက်တဲ့ လက္ခဏာလို့ထင်တယ်” ဟု သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားများ ရေးရာအဖွဲ့ကမူ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ လက်နက်ဖျက်သိမ်းရေးကို အစိုးရက ဖြေလျှော့ပေးလိုက်ခြင်းနှင့် လိုင်ဇာအစည်းအဝေးမှ သတ်မှတ်လိုက်သော လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်များ မပါဝင်ဘဲ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆိုသည့်အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရသူ ဦးစိုင်းထွန်းရင်က ပြောကြားသည်။

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ လိုင်ဇာအစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီးနောက် ရလဒ်များကို လူထုအား တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်မှန်သော ပြည်ထောင်စုစနစ် ကျင့်သုံးရန်၊ ပြည်ထောင်စုစနစ် တောင်းဆိုခြင်းကို အစိုးရဘက်မှ လက်ခံလျှင် အပစ်ရပ်စာချုပ်တွင်ပါသည့် တော်လှန်ရေးဆိုသည့် စကားလုံးနှင့် ပတ်သက်၍ အပေးအယူပြုလုပ်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်လျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု ခေါ်ဆိုရန်၊ နိုင်ငံရေးဆွေးနွေးပွဲတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့၊ နိုင်ငံရေးပါတီများ/ဒီမိုကရေစီအင်အားစုများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးသွားရန် စသည့် အချက် ၄ ချက်နှင့် အခြားနည်းပညာဆိုင်ရာ အချက် ၆ ချက် သဘောတူညီခဲ့သည်။

NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ မြစ်ကြီးနား၌ သြဂုတ်လ ၃ ရက်နေ့က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သြဂုတ်လ ၁၅ ရက်နေ့၌ ပြုလုပ်ရန် သဘောတူခဲ့သည်။

The Voice Weekly

No comments:

Post a Comment