Sunday, August 3, 2014

Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထား

Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားအော်ပရေတာများ၏ ဖုန်းများသို့ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။ မက်ဆေ့ခ်ျပို့ခမှာ တစ်စောင်လျှင် ၂၅ ကျပ်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို 1 MB လျှင် ၂၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
Ooredoo ဆင်းမ်ကတ်များကို ရောင်း ချရန်အတွက် တစ်နိုင်ငံလုံးတွင် အရောင်းကိုယ်စားလှယ်ပေါင်း ၆၅ဝဝ ကျော်ရှိကြောင်း Ooredoo  Myanmar ကုမ္ပဏီမှ သတင်းရရှိ သည်။ ရန်ကုန်မြို့တွင် အရောင်းကိုယ်စား လှယ်ပေါင်း ၁ဝဝဝ ကျော်ရှိပြီး နောက်ပိုင်းတွင် ထပ်မံတိုးချဲ့ရန်ရှိကြောင်းလည်း သိရသည်။

“သုံးစွဲသူတစ်ဦးကို အများဆုံး ကတ် ၂ဝ အထိ အသုံးပြုနိုင်ပါတယ်။ မှတ်ပုံမတင်ဘဲသုံးရင် ရက်ပိုင်းအတွင်းမှာ လိုင်းပိတ်ခံရတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။ လက်ရှိဖြန့်ချိထားတဲ့ ကတ်အရေအတွက်က ငါးသိန်းကနေ တစ်သန်းအကြားမှာ ရှိနိုင်ပါတယ်။ ကတ်အရေအတွက်ကို သန်းနဲ့ချီရောင်းပေးသွားမှာပါ။ တရားဝင် အရောင်းကိုယ်စားလှယ်တွေဆီမှာ ၁၅ဝဝ ကျပ်ရမှပဲဝယ်ပါ။ ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေအတွက် နယ်မြေဒေသအလိုက် ဖြန့်ချိရေးကုမ္ပဏီကြီး ခြောက်ခုရှိပြီး ဟန်းဆက်နဲ့ Device တွေ အတွက်တော့ အထက်မြန်မာပြည်မှာSuper Mobile၊ အောက်မြန်မာပြည်မှာTMW ဖြစ်ပါတယ်။ ဟန်းဆက်အတွက်က ဆမ်ဆောင်းအပြင် တခြားဟန်းဆက် အမှတ်တံဆိပ်တွေအများကြီးနဲ့ ဆွေးနွေးနေတာရှိပြီး စာချုပ်ချုပ်ဖြစ်ရင်တော့ ထုတ်ပြန်ပေးသွားမှာပါ။Wiki Zero စတဲ့အစီအစဉ် Plan မျိုးတွေက အများကြီး ထပ်လာဦးမှာ ဖြစ်ပါတယ်”ဟု Ooredoo Myanmar ကုမ္ပဏီ၏ အရောင်းဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ဩဂုတ် ၂ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ရှိတွင် ဩဂုတ် ၁၄ ရက်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဩဂုတ်  ၁၅ ရက်မှစ၍ ပြည်၊ မိတ္ထီလာ၊ မကွေးစသော မြို့များအပါအဝင် မြို့နယ်နှင့် မြို့စုစုပေါင်း ၆၈ ခုတွင် စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။

“ကနဦးကွန်ရက် ဖြန့်ကြက်ထားတဲ့မြို့တွေကို ကျော်လွန်ပြီး တခြားမြို့တွေကိုလည်း ကွန်ရက်ဆက်တိုက် ဖြန့်ကြက်နေပါတယ်။ ကွန်ရက်ရှိပြီးသား နေရာတွေမှာလည်း အရည်အသွေးပိုကောင်းလာအောင် ဆက်လုပ်ဆောင်နေပါတယ်။ တစ်နေ့မှာ 4G ကိုလည်း ယူဆောင်လာပေးဦးမှာ ဖြစ်ပါတယ်” ဟု Ooredoo  Myanmar ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။

လက်ရှိအချိန်မှ ဩဂုတ် ၁၄ ရက်ထိ Facebook ကိုအကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဖြစ်သည်။ ဩဂုတ် ၁၅ ရက်တွင် တရားဝင်စတင် မိတ်ဆက်မည်ဖြစ်ပြီး ဆင်းမ်ကတ်များတွင် ငွေ ၁၅ဝဝ ကျပ်နှင့် အင်တာနက် 10 MB အခမဲ့ သုံးစွဲခွင့်စသည့် ပရိုမိုးရှင်းအစီအစဉ်များ ပါဝင်လာဦးမည်ဟု သိရသည်။

အင်တာနက်သုံးစွဲမှုအတွက် 1MB လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး သုံးစွဲမှုများပြားသူများအတွက် သီးခြား Package များကို ဩဂုတ် ၁၅ ရက်ဝန်းကျင်တွင် ထပ်မံကြေညာ ပေးသွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment