Wednesday, September 17, 2014

မှော်ဘီ ဝါးနက်ချောင်း ရော်ဘာခြံ အတွင်း တောဆင်ရိုင်းနင်း ခံရမှုကြောင့် ခြံစောင့် လူငယ်တစ်ဦး သေဆုံး

(ရန်ကုန်၊ စက်တင်ဘာ ၁၆)
 မှော်ဘီမြို့ ဝါးနက်ချောင်းကျေးရွာ  ရော်ဘာခြံ အတွင်း တော ဆင်ရိုင်းနင်းမှုကြောင့် အသက်၂ဝ ကျော် လူငယ် တစ်ဦး သေဆုံး သွားခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာလ ၁၅ ရက်နေ့ ည သန်းခေါင်ယံခန့်က ရော်ဘာ ခြံစောင့် လင်မယားထံ တောဆင်ရိုင်း က လာရောက် ရန်မူ ခြင်းဖြစ်ပြီး အမျိုးသမီးငယ် မှာ မူ လွတ်မြောက် သွားသည်ဟု ၄င်းတို့ ကပြောသည်။
ကိုယ်တွေ့ကြုံခဲ့ရသူ ကာယကံရှင် အမျိုးသမီး ငယ်က ”ဆင်က တံခါးဘောင်ကို ဝင်တိုးတော့ ကျွန်မလက်ကို ဆွဲခေါ်ပြီး အမျိုးသားက ဓာတ်မီး ကိုင် ထွက်ပြေးတယ်။ ဒါပေမဲ့ ကျွန်မက အိမ်ထဲ မှာပဲ ကျန်ခဲ့တယ်။ ဆင်က ကျွန်မ အမျိုးသား ကို အိမ်အပြင်မှာ သတ်လိုက်တယ်။ အိမ်ကို လည်း ဖျက်ဆီးသွားတယ်”ဟု ပြောသည်။

သေဆုံးသွားသည့် လူငယ်မှာ အ သက်၂ဝ ကျော်ရှိပြီး ၄င်း အနင်းမခံရမီ ရက်က အိမ်မွေးဝက် တစ်ကောင် ဆင် နင်း၍ သေဆုံးခဲ့သေးသည်ဟု ၄င်းက ပြောပြသည်။
၂ဝဝ၈ ခုနှစ်နှင့်၂ဝဝ၉ ခုနှစ် တို့က တောဆင်ရိုင်းနင်း၍ ကလေးငယ် တစ်ဦး နှင့် အမျိုးသား တစ်ဦးသေဆုံး သွားခဲ့ သည်မှာလည်း ဝါးနက်ချောင်းပိုင် အ တွင်းတွင်ဖြစ်ပြီး ယခု ဖြစ်စဉ်သည် ထို ကာလ ပြီးနောက် တတိယ အကြိမ်မြောက် ဖြစ်သည်ဟု ဝါးနက်ချောင်း ကျေးရွာသား တို့ကပြောသည်။
သစ်တောများ အစား ရော်ဘာခြံတို့ အစားထိုးနေရာ ယူနေသော ယင်းနေရာ မှာ တောဆင်ရိုင်း အန္တရာယ်နှင့် မကြုံ တွေ့စေရန် ခြံလုပ်သားတို့က ဖောက် အိုး များဖောက်ခြင်း၊ တောခြောက်ခြင်း တို့ဖြင့် ကာကွယ်နေရသည်ဟု ၄င်းတို့ ကပြောကြသည်။
ကာယကံရှင် အမျိုးသမီးငယ်က ”ကျွန်မကတော့ ဆင်ကိုမမုန်းဘူး။ သေ ချိန်တန်လို့ သေတယ်လို့ပဲ သဘောထား ပါတယ်”ဟုပြောသည်။
ထိုဆင်ရိုင်းသည် စက်တင်ဘာလ ၁၆ ရက်နေ့ အထိ ယင်းကျေးရွာ ရော်ဘာခြံ အနီး လှည့်ပတ်နေသောကြောင့် ရော်ဘာ ခြံစောင့် များနှင့် ကျေးရွာသား အချို့ မှာ ပြောင်းပြေးသွားကြပြီဟု သိရသည်။ တိုးပွားလာသည့် လူဦးရေနှင့် ပြုန်းတီးလာသော သစ်တော များကြောင့် နိုင်ငံတွင် ဆင်နှင့်လူတို့၏ ရန်ပွဲတို့မှာ ဆက်တိုက် ရှိ လာနေသည်။ နေစရာရှား လာသော လူသားတို့ကို ၄င်းတို့ကလည်း သေသည်အထိ ရန်ရှာလာနေသည်။
ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန် တိုင်းဒေသကြီး တို့တွင် ၂ဝ၁ဝ ပြည့်နှစ်နောက် ပိုင်းမှစကာ ထိုသို့သော ဖြစ်ရပ်တို့ အဖြစ် များလာကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနက ဝန်ခံထားသည်။ မျိုးတုံး ပျောက်ကွယ် လာနိုင်ခြေရှိသော တော ဆင်ရိုင်း တို့ကို တစ်ဖက်ကလည်း အစိုးရမှ အကာ အကွယ် ပေးသည့် သဘော ဖြင့် သစ်တောကြိုးဝိုင်း များအတွင်းသို့ ဖမ်းဆီး ပို့လွှတ် နေသော်လည်း ရန်ကုန် တိုင်းဒေသကြီး လှည်းကူးနှင့် တိုက်ကြီး ကြိုးဝိုင်း တို့တွင်မူ ဆင်နင်း သေဆုံးမှုတို့ က ရှိနေသည်။
ဝါးနက်ချောင်း ကျေးရွာသားတို့က ”ကိုယ်တိုင် ကာကွယ်နေရတဲ့ အစားသစ် တောက လူတွေလာစေချင်တယ်” ဟုဆို သည်။

Popular

No comments:

Post a Comment