Wednesday, September 24, 2014

လျှပ်စစ်ဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေး၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း ဒုဝန်ကြီးဦးအောင်သန်းဦး ပြောကြား

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် ချို့ယွင်းမှုကြောင့် ထိခိုက်နစ်နာမှုများအား ထိုက်တန်သည့်လျော်ကြေးများ၊ ၀န်ဆောင်မှုပေးသည့် ဌာနအနေဖြင့် လုံခြုံမှုမပေးနိုင်ပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြော ကြားသည်။

စက်တင်ဘာ ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြတ်ဉာဏစိုးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်ကြောင့် ဘေးအန္တရာယ် ကြုံတွေ့ရမှုများတွင် နစ်နာသူများ၊ နစ်နာမှုများကို ထိုက်တန်စွာကုစားပေးရန်နှင့် လျှပ်စစ်ဆိုင်ရာ ဘေးအန္တရာယ် လုံခြုံမှုအတွက် ထိရောက်စွာ ကာကွယ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက “ဗို့အားပြည့်မီတဲ့ ဖြန့်ဖြူးရေးဖြစ်ဖို့အတွက် လုံလောက်တဲ့ ရန်ပုံငွေရရှိပါက ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေ စတာတွေကို တိုးချဲ့တည်ဆောက်နိုင်မှာပါ။ လဲလှယ်တပ်ဆင်ခြင်းအပြင် အလိုအလျောက် ဓာတ်အားဖြန့်ဖြူးရေး ထိန်းချုပ်မှုစနစ်တွေကို ဆောင်ရွက် ပြီးတော့ မတော်တဆဖြစ်စဉ်တွေကို ကြိုတင်ကာကွယ်တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်မှာ ဖြစ် ပါတယ်။ ဖြန့်ဖြူးတဲ့စနစ် ချို့ယွင်းလို့ ထိခိုက်နစ်နာမှုတွေဖြစ်ပါက ၀န်ထမ်းတွေအတွက် လူမှုဖူလုံရေးရန်ပုံငွေကနေ ပေးလျော်ပါတယ်။ ဓာတ်အားသုံးစွဲသူတွေ ထိခိုက်နစ်နာမှုတွေကို လူပုဂ္ဂိုလ်နဲ့ သတ္တ၀ါတွေအတွက် လုံလောက်ထိုက်တန်တဲ့ လျော်ကြေးငွေတွေပေးအပ်ဖို့ တင်ပြဆောင်ရွက် သွားပါမယ်”ဟု ပြောကြားသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လက်အောက်ခံစီးပွားရေးအဖွဲ့အစည်း များတွင် ၀န်ဆောင်မှုပေးရာ၌ ပေါ့လျော့တာဝန်ထမ်းဆောင်မှု ပေါ်ပေါက်ပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ ယခင်က အရည်အသွေးနိမ့်ကျမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် အရည်အသွေးပြည့်မီခြင်းမရှိသည့် ပစ္စည်းများမဖြစ်စေရန်အတွက် ရွေးချယ် အသုံးပြု လျက်ရှိကြောင်း ပြောကြားသည်။

လက်ရှိလျှပ်စစ်ဥပဒေတွင် တားမြစ်ချက်များ၊ ပြစ်ဒဏ်များ ထည့်သွင်းထားခြင်း မရှိသော်လည်း နောင်ပြ ဋ္ဌာန်းမည့် လျှပ်စစ်ဥပဒေတွင် အဆိုပါတားမြစ်ချက်များ၊ ပြစ်ဒဏ်များကို ဥပဒေ၏ လုပ်ထုံးလုပ်ငန်းများတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုပေးသည့် ဌာနအနေဖြင့် ယင်းကဲ့သို့သောအစီအမံများကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ပြည်သူများ၏ ဘေးအန္တရာယ်လုံခြုံမှုကို အလေးမထားရာရောက်ကြောင်း၊ တိုးတက်တောင်းခံ လာသည့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို ဖြည့်ဆည်းနိုင်ရန်အတွက် ခွင့်ပြုရန်ပုံငွေအတွင်း ဓာတ်အားတိုးချဲ့ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ ယခုမှစကာ လျှပ်စစ်ကြောင့် ဘေး အန္တရာယ်ကျရောက်ခြင်းနှင့် ပြည်သူများ အသက်အန္တရာယ်မဖြစ်စေရန်အတွက် အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ ခေတ်မီသည့် အကာအကွယ်များကို တိုးချဲ့တပ်ဆင် အသုံးပြုမည်ဖြစ်ကြောင်း ဦးအောင်သန်းဦးက ပြောကြားသည်။

“လျှပ်စစ်ဓာတ်အား ၁ မဂ္ဂါဝပ် တိုးချဲ့ပါက ကုန်ကျငွေက ကျပ်သန်း ၁၀၀၀ လောက်ရှိပါတယ်။ ခွင့်ပြုရရှိတဲ့ ဘဏ္ဍာငွေပမာဏက ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံဟောင်းတွေ အစားထိုးလဲလှယ်တပ်ဆင်ဖို့ မလုံလောက်ပါဘူး။ ထပ်မံတိုးချဲ့တပ်ဆင်မှုတွေလည်း လိုအပ်သလောက် ဆောင်ရွက်နိုင်ခြင်း မရှိပါ ဘူး။ အန္တရာယ်ကင်းရှင်းစေမယ့် လျှပ်တားအကာပါတဲ့ကြိုးနဲ့ အစားထိုးမယ်ဆိုရင် ကုန်ကျစရိတ်က ဗို့အားပေါ်မူတည်ပြီး သုံးဆခန့် ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ မြေအောက်ဓာတ်အားကြိုးစနစ် သုံးမယ်ဆိုပါက ၁၀ ဆလောက် ပိုကုန်ကျမှာ ဖြစ်ပါတယ်”ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ဓာတ်အားလိုင်းများအား လျှပ်တားအကာပါသည့် ကြိုးစနစ်ပြောင်းမည် ဆိုပါက ဗို့အားပေါ်မူတည်ပြီး တစ်မိုင်လျှင် ကျပ် ၅၅၈ သန်း မှ ကျပ်သန်း ၉၃၀ ခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၅၀ နီးပါး ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် အဆိုပါလုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးရန်အတွက် ငွေကြေးအရင်းအနှီးနှင့် အချိန်လိုအပ်ချက်ရှိမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲမှုများတွင် ၂၀၁၁ ခုနှစ်တွင် ၁၅၉၁ မဂ္ဂါဝပ်၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၁၈၀၆ ဒသမ ၅၃ မဂ္ဂါဝပ်၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၂၀၀၁ ဒသမ ၅၁ မဂ္ဂါဝပ်၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၃၀၃ ဒသမ ၇၂ မဂ္ဂါဝပ်ရှိကြောင်း၊ ခွင့်ပြုရန်ပုံငွေမှာလည်း ၂၀၁၁-၂၀၁၂ တွင် ကျပ်သန်း ၄၀၉၁၈ ဒသမ ၈၉၃၊ ၂၀၁၂-၂၀၁၃ တွင် ကျပ်သန်း ၄၇၂၈၅ ဒသမ ၉၄၈၊ ၂၀၁၃-၂၀၁၄ တွင် ကျပ်သန်း ၈၆၁၆၁ ဒသမ ၆၈၃၊ ၂၀၁၄-၂၀၁၅ တွင် ကျပ်သန်း ၈၇၇၁၆ ဒသမ ၀၆၁ သုံးစွဲခွင့်ရရှိခဲ့ကြောင်း သိရသည်။

ဒေါက်တာမြတ်ဥာဏစိုးက “ဒုဝန်ကြီး ဖြေသွားတာနဲ့ပတ်သက်ပြီး ကြိုက်နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်ကဆို ၀န်ကြီးဌာနတွေဖြေရင် ဘဏ္ဍာငွေရရှိရင် လုပ်ပေးပါမယ်ဆိုတဲ့ အဖြေမျိုးတွေပဲ ရတယ်။ အခုလို တာဝန်ယူ၊ တာဝန်ခံပြီးဖြေတာက ကြိုဆိုရမှာပါ။ ကားလမ်းကူးရင် ကားကြည့်ကူးရမယ်။ ဓာတ်တိုင်အောက်သွားရင် ဓာတ်ကြိုးကြည့်ပြီးသွားရမယ် ဆိုတာမျိုး ပြောခဲ့တဲ့ တာဝန်မဲ့စကားပြောခဲ့တာမျိုးတွေကို ဘယ်လိုအရေးယူမလဲ စောင့်ကြည့်ရမယ်။ လျှပ်စစ်ဓာတ်အားခ တိုးကောက်သလို ၀န် ဆောင်မှုလည်းတိုးရမှာပါ။ လျှပ်စစ်ကြောင့် ဘေးအန္တရာယ်ကျရောက် ပါက ပေါ့ဆစွာသုံးတယ်ဆိုပြီး ပြည်သူတွေသာ အရေးယူခံနေရပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနရဲ့ တာဝန်မရှိသကဲ့သို့ ကြုံတွေ့နေရသည်မှာ ပြည်သူများအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်ပါတယ်။ လျှပ်စစ်ဥပဒေမှာ ၀န်ဆောင်မှုပေးတဲ့ဘက်က ပေါ့လျော့ကျူးလွန်မှုမရှိစေဖို့ တားမြစ်ချက်ပြစ်ဒဏ်တွေမပါဘဲ သုံးစွဲသူတွေအတွက်သာ တားမြစ်ချက်ပြစ်ဒဏ်တွေ ပါဝင်နေပါတယ်”ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က“လက်ရှိဖြစ်ပျက်နေတဲ့အဖြေက ရှင်းပါတယ်။ ဟိုတုန်းက ဓာတ်အားအပြည့်အ၀မပေးနိုင်ဘူး။ ကြိုးတွေက နှစ်ပေါင်း ၅၀ လောက်သုံးပြီးပြီ။ အခုတော့ ဓာတ်အားအပြည့်ပေးလိုက်တော့ ကြိုးတွေပျက်တယ်။ ၄၄၀ လိုင်းက ၂၂၀ လိုင်းပေါ် ပျက်ကျတယ်ဆိုတော့ အကြံပေးချင်တာက အများပြည်သူသုံးတဲ့ဈေးတို့ ကျောင်းတို့ရှေ့တွေမှာ ဓာတ်ကြိုးအောက်မှာ ပုခက်ကလေးတွေ တပ်ထားသင့်တယ်။ ကုန်ကျမှုလည်း သိပ်မများဘူး။ကြိုးပျက်ကျတယ်ဆိုရင် ဒီပုခက်ထဲ ပျက်ကျတော့ အန္တရာယ်မဖြစ်တော့ဘူး။ စီမံချက်ချပြီးတော့ ရန်ကုန်လိုနေရာမျိုးမှာ ဒါမျိုးလုပ်လိုက်မယ်ဆိုရင် အန္တရာယ်တော်တော်ကင်းသွားမယ်။ ဓာတ်တိုင်ပေါ်တက်ပြင်ရတဲ့ ၀န်ထမ်းတွေအတွက် လုံခြုံမှုရှိဖို့ ဆောင်ရွက်ပေးစေလိုပါတယ်”ဟု တိုက်တွန်းသည်။

Eleven

No comments:

Post a Comment