Wednesday, September 24, 2014

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးအရ အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောကြား

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို အခြားပြည်နယ်နှင့် တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုသွားမည
်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့် ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သဖြင့် ယင်းနိုင်ငံသား ဖြစ်ခွင့်ရသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ခရီး သွားလာခွင့်ကို လွတ်လပ်စွာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “နိုင်ငံသားဖြစ်သွားတော့ နိုင်ငံသားအခွင့်အရေး ပေးရမှာပေါ့။ ရခိုင်ပြည်နယ်မှအပ တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်ပေးရမယ်။ လေကြောင်းနဲ့ သွားမယ်ဆိုရင်လည်း သွားခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြဿနာနည်းနည်း ရှိနိုင်သေးတဲ့အတွက် သွားလာခွင့်ကို ခွင့်မပြုသေးဘူး။ နိုင်ငံသားဖြစ်တဲ့သူတွေနဲ့ မဖြစ်တဲ့သူတွေကို ခွဲတော့ခွဲရမယ်။ ခွဲပြီးမှ ဥပဒေအတိုင်း ဆောင်ရွက်သွားရမှာပေါ့” ဟု ပြောကြားသည်။


မြေပုံမြို့နယ်အတွင်း ဘင်္ဂါလီ ၃၀၀၀ ကျော်ရှိသည့်နက် ၁၀၉၄ ဦးခန့်သာ လျှောက်လွှာတင်ခဲ့ပြီး ယင်းသို့လျှောက်လွှာတင်သူများကိုသာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရာတွင်လည်း မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်ဟူ၍ ခွဲခြားစိစစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့် စစ်ဆေးရေးအဖွဲ့တွင် ဒေသခံတိုင်းရင်းသားများ ပါဝင်သကဲ့သို့ ဘင်္ဂါလီများဘက်မှလည်း တစ်ဦးစီပါဝင်ခဲ့ကြောင်း သိရသည်။ ယင်းအတွက် အမှန်တကယ် နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားဖြစ်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးဌာနမှူးကလည်း “ပထမအသုတ်မှာ သုံးရာကျော်ပါသွားပြီ။ နက်ဖြန်လောက်မှာထပ်ပြီး သုံးရာကျော်ကို စိစစ်သွားမှာဖြစ်တယ်။ ပြည်ထောင်စုအဆင့် စစ်ဆေးပြီးသွားရင် ရရှိတဲ့ ကတ်ပြားတစ်မျိုးမျိုးကို ကျွန်တော်တို့ပေးမှာ ဖြစ်ပါတယ်။ အခုနိုင်ငံသားရတဲ့ လူ ၄၀ က မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆ နဲ့အညီ ရတာဖြစ်တယ်။ အထောက်အထား မရှိသူတွေကို လူသက်သေတွေနဲ့ စိစစ်ပေးခဲ့တာလည်းပါတယ်။ အဆင့်ဆင့် စိစစ်ခဲ့တာဖြစ်တဲ့အတွက် အခုလို ဒီအရေအတွက်ကို ရရှိလာတာဖြစ်တယ်။ နိုင်ငံသားဖြစ်ခွင့် ရရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဥပဒေတွေကိုလည်း လေးစားလိုက်နာဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြေပုံမြို့အတွင်း စစ်ဆေးဆောင်ရွက်မှု ပြီးသွားလျှင်လည်း အခြားမြို့နယ်များမှ စစ်ဆေးပေးရန် တင်ပြလာမှုများ ရှိလာပါကလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven

No comments:

Post a Comment